ဖေနှင်းငွေ

 

ယနေ့အချိန်အခါတွင် ကမ္ဘာတစ်ဝန်း၌ ကူးစက်တတ်သောရောဂါများသည် ကူးစက်မှုပုံစံအမျိုးမျိုးတို့ဖြင့် လူအချင်းချင်း သော်လည်းကောင်း၊ လူမှတိရစ္ဆာန်၊ တိရစ္ဆာန်မှ လူကိုသော်လည်းကောင်း ကူးစက်ပျံ့နှံ့နေကြပါသည်။ အကြောင်းများစွာ အနက်အချို့မှာ ကူးစက်ခံထားရသူများ အသုံးပြုပြီးသော ဆေးထိုးအပ်၊ ဆေးထိုးပြွန်၊ Intuition Set စသည်တို့ကို အခြားသူများ ထပ်မံသုံးစွဲမိ၍ဖြစ်စေ၊ အဆိုပါပစ္စည်းများကို သန့်ရှင်းဖယ်ရှားရာမှထိရှပေါက်ပြဲ၍ သွေးထွက်သွား သည်မှဖြစ်စေ အခြားသူများသို့ ကူးစက်တတ်ပါသည်။

 

ဆေးရုံ၊ ဆေးခန်းသုံး စွန့်ပစ်အမှိုက်ဆိုသည်မှာ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ အသင်းအဖွဲ့ပိုင်ဆေးရုံများ၊ ဆေးကုသခန်းများနှင့် ဆေးပေးခန်းများမှ အသုံးမလိုတော့၍ ဖြစ်စေ၊ အသုံးပြုပြီးသွား၍ဖြစ်စေ စွန့်ပစ်လိုက်သော ပစ္စည်းများကို ဆိုလိုပါသည်။ ထိုသို့သော ကျန်းမာရေးစောင့်ရှောက်မှုနေရာဌာနများမှ ထွက်လာသည့် စွန့်ပစ်ပစ္စည်းများအား ကိုင်တွယ်ခြင်းနှင့် စွန့်ပစ်ခြင်းသည် ပြည်သူလူထုအတွင်း ကူးစက်ရောဂါပြဿနာများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက် မှုများ မဖြစ်ပွားစေရေးအတွက် လွန်စွာအရေးကြီးပါသည်။

 

ကျန်းမာရေးစောင့်ရှောက်မှုများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်းမရှိလျှင် ကျန်းမာရေးဝန်ထမ်းများနှင့် စွန့်ပစ်ပစ္စည်း ကိုင်တွယ်သူများအားလုံးတွင် ချွန်ထက်သော စွန့်ပစ်ပစ္စည်းများကြောင့် ဒဏ်ရာအနာတရများ ရရှိခြင်း။ ကျန်းမာရေးဝန်ဆောင်မှုဌာနများ အပြင်ဘက်ရှိ စွန့်ပစ်ပစ္စည်းများကို ကိုင်တွယ်ရသူများ၊ အမှိုက်ကောက်သူများမှတစ်ဆင့် လူထုထံသို့ ရောဂါကူးစက်နိုင်ခြင်းနှင့် ပဋိဇီဝဆေးယဉ်ပါးမှု ပျံ့နှံ့နိုင်သည့် အန္တရာယ် များခံစားရနိုင်ခြင်း၊ နေရာအဆင့်ဆင့်ရှိ စွန့်ပစ်ပစ္စည်းများကို ကိုင်တွယ်သူများအတွက် ဘေးဖြစ်စေသည့် ဓာတု ပစ္စည်းများ၊ ဆေးဝါးများနှင့် ဆက်စပ်လျက်ရှိသည့် အန္တရာယ်များ ဖြစ်ပေါ်ခံစားရနိုင်ပါသည်။

 

စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်း

ထို့ကြောင့် ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများအား စနစ်တကျနှင့် လုံခြုံစွာ စီမံခန့်ခွဲခြင်းသည် လူထုကျန်းမာရေးအတွက် လွန်စွာမှပင် အရေးကြီးပါသည်။ အစိုင်အခဲစွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုကို ပြည့်စုံထိရောက်စွာ ဆောင်ရွက်နိုင်ရန် စွန့်ပစ်ပစ္စည်း ထုတ်လွှတ်သည့် နေရာများကို ဂရုတစိုက်ကြည့်ရှု ခြင်း၊ စွန့်ပစ်ပစ္စည်းများကို အမျိုးအစားခွဲခြားထားခြင်း၊ ကုတ်များဖြင့် မှတ်သားခြင်း၊ သိမ်းဆည်းခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ ကြိုတင်ပိုးသတ်ထားခြင်း စသည်ဖြင့် လုပ်ငန်းခွင်ကျန်းမာရေးနှင့် ပတ်သက်ဆက်နွယ်သူများ အပါအဝင် လူ့အဖွဲ့အစည်းအတွင်း ကျန်းမာရေးဗဟုသုတများ မြှင့်တင်ပေးခြင်းကို အလေးထား၍ ဆောင်ရွက်ရမည် ဖြစ်သည်။

 

ပုံမှန်အားဖြင့် ဆေးရုံ၊ ဆေးခန်းမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းအမျိုးအစားများမှာ အန္တရာယ်မရှိသော ကျန်းမာရေး စောင့်ရှောက်မှုပစ္စည်းများ (သို့မဟုတ်) ကူးစက်နိုင်သော ပိုးမွှားများမပါဝင်သည့် သာမန်အိမ် သုံးပစ္စည်းများဖြစ်သည့် အစားအစာ အကြွင်းအကျန်များ၊ စက္ကူ၊ ကတ်ထူစက္ကူနှင့် ပလတ်စတစ်ပါကင်စများ။ ရောဂါပိုးမွှား ကူးစက်နိုင်သည့် ပစ္စည်းများပါဝင်သည့် ဆေးနှင့် ဆေးကုသမှုလုပ်ငန်းသုံးပစ္စည်းများ။ တစ်ခါသုံး ဆေးထိုးပြွန်နှင့် ဆေးထိုးအပ်များ၊ ချွန်ထက်သောအရာများ၊ ရက်လွန်ဆေးဝါးများ (သို့မဟုတ်) မကုန်သေးသော ရက်လွန်ဆေးအရည်များတွင်ပါဝင်သည့် ဆေးဝါးပစ္စည်းများ၊ ဓာတ်ခွဲခန်းနှင့် ဓာတ်မှန်ခန်းသုံး ဓာတုစွန့်ပစ်ပစ္စည်းများ၊ လုပ်ငန်းခွင်အတွင်း ဝတ်ဆင် အသုံးပြုရသည့် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း (PPE) ဝတ်စုံများ၊ လက်အိတ်၊ နှာခေါင်းစည်း၊ surgicalcap တို့ ဖြစ်ကြသည်။

 

အဆိုပါ စွန့်ပစ်ပစ္စည်းများသည် ဆေးရုံ၊ ဆေးခန်း အဆောက်အအုံအတွင်း၌ဖြစ်စေ၊ အဆောက်အအုံ၏ ပြင်ပ၌ဖြစ်စေ ထိတွေ့ရသော လူသားအားလုံးတို့အတွက် အန္တရာယ်ဖြစ်ပေါ်စေနိုင်ပါသည်။ အဓိကအန္တရာယ်ရှိသည့် အုပ်စုများမှာ ကျန်းမာရေး စောင့်ရှောက်သူများဖြစ်ကြသည့် ဆရာဝန်များ၊ သူနာပြုများ၊ အခြားသော ဆေးကုသမှုဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ လူနာများနှင့် လူနာစောင့်များ၊ လူနာထံသတင်းမေးလာကြသူများ၊ အမှိုက်ကောက်သူများနှင့် အနီးအနား တွင်ရှိသော လူထုအပါအဝင်အမှိုက်ပုံ၊ အမှိုက်မီးရှို့စက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသူများပင် ဖြစ်သည်။ ဆေးရုံ၊ ဆေးခန်းသုံး စွန့်ပစ်ပစ္စည်းကို စနစ်တကျ စီမံခန့်ခွဲကာ မစွန့်ပစ်နိုင်ခြင်းကြောင့် ပြည်သူလူထုအနေဖြင့် ကာလဝမ်း ရောဂါ၊ တီဘီရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ Human Virus နှင့် လိင်မှတစ်ဆင့် ကူးစက်သည့် အခြားရောဂါ များလည်း ကူးစက်ခံစားရနိုင်ပါသည်။

 

အန္တရာယ်ဖြစ်၊ ရောဂါကူးနိုင်သောစွန့်ပစ်ပစ္စည်းများ

အန္တရာယ်ရှိသော ဆေးခန်း၊ ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများမှာ အရည်နှင့် အစိုင်အခဲပုံစံများဖြစ်သည့် သွေး၊ သားငံရည်၊ အချင်းအစိတ်အပိုင်း၊ အူအတက်အစ၊ ဇီဝဓာတု စမ်းသပ်ပစ္စည်းများ၊ ခြင်ထောင်ဆေးစိမ် ဆေးပြားမှ စွန့်ပစ်ပစ္စည်းများ၊ ရောဂါရှာဖွေစမ်းသပ်သည့်ပစ္စည်း(Test Kits) များ၊ အသုံးပြုပြီးသော ဆေးထိုးအပ်၊ ဆေးထိုးပြွန်၊  သွေးသွင်းပိုက်နှင့် သွေးအိတ်များ စသည်တို့ဖြစ်သည်။

 

ရောဂါကူးစက်နိုင်သော စွန့်ပစ်ပစ္စည်းများနှင့် ရောဂါ ပိုးမွှားများသည် လူ့ခန္ဓာကိုယ်တွင်းသို့ အရေပြားတွင် ပေါက်ပြဲခြင်း၊ ပွန်းပဲ့ခြင်း၊ ထိခိုက်ရှမိခြင်းတို့မှ လည်းကောင်း၊ အသက်ရှူသွင်းရာမှလည်းကောင်း၊ အစားအသောက်များမှ လည်းကောင်း စသည့်လမ်းကြောင်းပေါင်းစုံမှ ဝင်ရောက်နိုင်ပါသည်။ ထို့ပြင် ဆေးရုံ၊ ဆေးခန်းများတွင် ပဋိဇီဝဆေး နှင့် ပိုးသတ်ဆေးများကို ခံနိုင်ရည်ရှိသော ဗက်တီးရီးယား ပိုးမွှားများရှိနေခြင်းသည် ကောင်းမွန်စွာ စီမံခန့်ခွဲမှုမရှိသည့် စွန့်ပစ်ပစ္စည်းများကြောင့် ဖြစ်ပေါ်နေရသည့် ပြဿနာအကြောင်းရင်းတစ်ရပ် ဖြစ်သည်။

 

ထို့ပြင် ချွန်ထက်သော စွန့်ပစ်ပစ္စည်းများသည် ထိခိုက်ရှနာဖြစ်စေသည်သာမက ၎င်းတို့သည် ပိုးမွှားများနှင့် ထိတွေ့ထား ၍ ဒဏ်ရာများမှတစ်ဆင့် ရောဂါပိုးကူးစက်နိုင်ပါသည်။ ဆေးရုံ၊ ဆေးခန်းများတွင် ချွန်ထက်သော အရာများကြောင့် ဒဏ်ရာရခြင်းသည် အများဆုံးဖြစ်သည်။ ယင်းဒဏ်ရာများသည် HIV HBV HCV စသည့် အန္တရာယ်ရှိသော ရောဂါများ ကူးစက်ရာ အဓိကလမ်းကြောင်းလည်း ဖြစ်သည်။

 

ကျန်းမာရေးဝန်ဆောင်မှုများမှထွက်သော စွန့်ပစ်ပစ္စည်းများကို ကူးစက်စေနိုင်သော စွန့်ပစ်ပစ္စည်းများ၊ ဓာတုစွန့်ပစ် ပစ္စည်းများနှင့် အထွေထွေစွန့်ပစ်ပစ္စည်းများဟူ၍ ခွဲခြားထားပါသည်။ ကူးစက်စေနိုင်သော စွန့်ပစ်ပစ္စည်းများကို အုပ်စုလေးစု ထပ်မံခွဲခြားထားပါသည်။

 

ပထမအုပ်စုတွင် ချွန်ထက်သော အရာများဖြစ်သည့်အပ်များ၊ ဆေးထိုးပြွန်များ၊ ခွဲစိတ်ဓားများ၊ သံများ၊ ဘရိတ်ဓားများ၊ မှန်ကွဲစများနှင့် အခြားချွန်ထက်သောအရာများ အပါအဝင် ထိခိုက်ရှမိနိုင်သော စွန့်ပစ်ပစ္စည်းများ ပါဝင်သည်။ ဒုတိယ အုပ်စုတွင် ချွန်ထက်မှုမရှိသော်လည်း ရောဂါပိုးကူးစက်နိုင်သည့် စွန့်ပစ်ပစ္စည်းများဖြစ်သည့် သွေး၊ ခန္ဓာကိုယ် အရည်များနှင့် ခွဲစိတ်ခန်းများမှထွက်လာသည့် ပစ္စည်းများနှင့် ထိတွေ့ထားသည့် စွန့်ပစ်ပစ္စည်းများ ပါဝင်သည်။

 

တတိယအုပ်စုတွင် ကူးစက်စေနှုန်းမြင့်မားသော သေဆုံးပြီးနောက် ခွဲစိတ်စစ်ဆေးခြင်း၊ ထိုသို့ခွဲစိတ်စစ်ဆေးရာတွင် အသုံးပြုသည့် ကိရိယာများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်း တို့ပါဝင်သည်။ စတုတ္ထအုပ်စုတွင် ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ အသားစများ၊ အချင်းစများ၊ သန္ဓေသားလောင်းနှင့် တိရစ္ဆာန်အသေကောင်များ ပါဝင်သည်။

 

ဓာတုပစ္စည်းများတွင်မူ ရက်လွန်ဆေးဝါးများ၊ အရည်အသွေးမပြည့်မီသော ဆေးဝါးများ၊ မလိုအပ်တော့သည့် ဆေးနှင့် ဆေးပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုမှ ထွက်ရှိသည့် ဘေးဖြစ်သောဓာတုပစ္စည်းများ ပါဝင်သည်။ ဘေးဖြစ်သော အရာများမပါဝင်သည့် အထွေထွေစွန့်ပစ်ပစ္စည်းများတွင် ပြန်လည်အသုံးပြု၍မရသော စွန့်ပစ်ပစ္စည်းများနှင့် ပြန်လည် အသုံးပြု၍ရသော စွန့်ပစ်ပစ္စည်းများ ပါဝင်သည်။

 

စံနှုန်းများနှင့်အညီ စွန့်ပစ်မှု

ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းသုံး စွန့်ပစ်ပစ္စည်းများအား သတ်မှတ်ထားသည့် စံနှုန်းများနှင့် ညီညွတ်သော စွန့်ပစ်အိတ်များနှင့်သာ စွန့်ပစ်ရမည် ဖြစ်ပါသည်။ အိတ်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ လက်ရှိအသုံးပြုနေသော Hospital Waste Management and Hospital Infection Control  Guidelines များ အရ သတ်မှတ်ထားသော ကာလာများ ( အဝါ၊ အနီ၊ အမည်း၊ အစိမ်း) ဖြစ်ရပါမည်။

 

စွန့်ပစ်ပစ္စည်းထည့်အိတ်များသည် အရောင်ခွဲခြားမှုစနစ် သတ်မှတ်ချက်များနှင့် ကိုက်ညီစွာ နည်းလမ်းမှန်မှန်ကန်ကန် အသုံးပြုကြရမည်ဖြစ်သည်။ ရောဂါပိုးကူးစက်မှုနှင့် အန္တရာယ်ရှိသော ပြတ်ရှစွန့်ပစ်ပစ္စည်းများအတွက် သတ်မှတ် ထားသော စွန့်ပစ်အမှိုက် အိတ်အရောင်သည် အဝါရောင်ဖြစ်သည်။ အထွေထွေ စွန့်ပစ်အမှိုက်စိုများအတွက် အမည်းရောင်ဖြစ်၍ အမှိုက်ခြောက်များအတွက် အစိမ်းရောင်ဖြစ်သည်။ ရောဂါပိုး အထူးကူးစက်မှု အန္တရာယ်ရှိသော သွေးပုလင်း၊ သွေးအိတ်များနှင့် သွေးသွင်းစွန့်ပစ်ပစ္စည်းများအတွက် အနီရောင် ဖြစ်သည်။

 

ချွန်ထက်သော ပစ္စည်းများထည့်သော ပုံများ၏နံရံနှင့် အောက်ခြေအထိုင်များသည် အလွယ်တကူ ထိုးဖောက်၍ မရစေရ။ အလွယ်တကူ ယိုစိမ့်မှုမရှိစေရ။ ပုံ၏ အဖုံးသည် အလွယ်တကူ အဖွင့်အပိတ်ပြုလုပ်နိုင်ရမည်။ ပုံအဝသည် သင့်လျော်သော ကျယ်ဝန်းမှုရှိရပါ မည်။ ပုံ၏အရောင်သည် အဝါရောင်သာဖြစ်၍ “ချွန်ထက်သော အရာများအတွက်သာ ဖြစ်သည်” ဟူသော စာတန်းပါရှိရမည် ဖြစ်ပါသည်။ ပုံတွင် လက်ကိုင်ပါရမည် (သို့မဟုတ်) သယ်ဆောင်နေစဉ် ချွန်ထက်သောအရာများ ထွက်မကျစေရန်အတွက် ကျနစွာ အလုံပိတ်နိုင်ရမည်ဖြစ်သည်။

 

ထို့ပြင် စွန့်ပစ်အမှိုက်များ သိုလှောင်ရာနေရာများသည် အစားအသောက်ပြင်ဆင်သည့်နေရာများ၊ လူထူထပ်သည့် နေရာများ၊ လူသွားလမ်းများနှင့် ဝေးကွာရမည်ဖြစ်သည်။ တိရစ္ဆာန်များ၊ တွင်းအောင်သတ္တဝါများနှင့် မသက်ဆိုင်သူများ လာရောက်ခြင်းမှ ကာကွယ်ရန်အတွက် အမိုး၊ တံခါးနှင့် သော့ရှိရမည်။ ရေစီးရေလာစနစ်၊ ရေစိမ့်မှုမရှိသောနံရံ၊ ကြမ်းခင်း များနှင့် တည်ဆောက်ထားရမည်။ လေဝင်လေထွက် ကောင်းမွန်ရမည်။ ချွန်ထက်သောပစ္စည်းများ သိုလောင်မည့်နေရာသည် သိပ်သည်းဆမြင့်သော ပလတ်စတစ်ဖြင့် ပြုလုပ်ထားပြီး ထူထဲခိုင်ခံ့သော နံရံဖြစ်ရမည်။ ပုံ၏အပြင်ဘက်တွင်ဇီဝ အန္တရာယ်သင်္ကေတ အမှတ်အသားပါရှိရမည် ဖြစ်သည်။

 

မတူညီသော စွန့်ပစ်ပစ္စည်းများကို သီးသန့်သိမ်းထား၍ စံသိုလှောင်ရေးပစ္စည်းကိရိယာတွင် သိုလှောင်ရမည်။ သိုလှောင် ချိန်သည် ၄၈ နာရီထက်မပိုရပါ။ ခန္ဓာကိုယ်အစိတ်အပိုင်းစွန့်ပစ်ပစ္စည်းများကို နေ့စဉ် ပုံမှန်စွန့်ပစ်ရမည်။ သိုလှောင်သည့် နေရာနှင့် ကိရိယာများကို ပိုးသတ်ထားရပါမည်။

 

စွန့်ပစ်ပစ္စည်းဖျက်ဆီးမှု

ဆေးရုံ၊ ဆေးခန်းသုံးစွန့်ပစ်ပစ္စည်း အမျိုးအစား အတော်များများအတွက် မီးရှို့သည့်စနစ်သည် အကောင်းဆုံး ဖြစ်သော်လည်း အချို့သောစွန့်ပစ်ပစ္စည်းများသည် မီးမရှို့သော နည်းပညာဖြင့် လုံလောက်ပါသည်။ ရေနွေးငွေ့၊ Microwave သို့မဟုတ် ဓာတုပစ္စည်းများဖြင့် ပိုးသတ်ခြင်းသည် ကူးစက်စေနိုင်သည့် စွန့်ပစ်ပစ္စည်းအများစုအတွက် သင့်လျော်သည်။ သို့သော် ခန္ဓာကိုယ်အစိတ်အပိုင်း စွန့်ပစ်ပစ္စည်း၊ ချွန်ထက်သော စွန့်ပစ်ပစ္စည်းနှင့် ဓာတုပစ္စည်းများ အတွက်မူ မသင့်လျော်ပါ။ ဓာတ်ပြယ်စေခြင်းသည် ဓာတုပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းများအတွက်သာ ဖြစ်သည်။

 

သို့ပါ၍ လူမှုစီးပွားအခြေအနေများနှင့် ရရှိနိုင်သော နည်းပညာ၊ အထောက်အပံ့ပစ္စည်းများမူတည်၍ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဝန်ဆောင်မှုဌာနများသည် အခြေအနေနှင့် အသင့်လျော်ဆုံး၊ လူထုအတွက် အန္တရာယ်အကင်းဆုံး၊ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးသော နည်းပညာများကိုသာ ရွေးချယ်အသုံးပြုသင့်ပါသည်။ ထို့ပြင် သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်မှလည်း ဆေးရုံ၊ ဆေးခန်းသုံး စွန့်ပစ်ပစ္စည်းများအားစနစ်တကျ စွန့်ပစ်ခြင်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း ရောဂါကူးစက်မှုအန္တရာယ်များ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် အမြဲမပြတ်  စောင့်ကြည့်ကြပ်မတ် အလေးထားသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။   ။