အန်ကာရာ ၁၈ အောက်တိုဘာ
ဆီးရီးယားနိုင်ငံအတွင်းရှိ ကာ့ဒ်တပ်ဖွဲ့များအား ပြင်းထန်စွာချေမှုန်း တိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် နိုင်ငံတကာက ဖိအားပေး ပြောကြားသော်လည်း တူရကီအစိုးရက ခါးသီးစွာ ငြင်းပယ်ခဲ့ပြီးနောက် အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က ဆီးရီးယား စစ်ပွဲနှင့်ပတ်သက်ပြီး အပစ်အခတ်ရပ်စဲပေးရန် တူရကီသမ္မတ အာဒိုဂန်အား တိုက်တွန်း ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၇ ရက်တွင် အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က တူရကီသမ္မတ အာဒိုဂန်နှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ တူရကီအနေဖြင့် ဆီးရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲမှုမပြုပါက စီးပွားရေးပိတ်ဆို့မှုများ ချမှတ်မည်ဖြစ်ကြောင်း အမေရိကန် ဒုတိယသမ္မတရုံးက ဆိုသည်။
တူရကီတပ်ဖွဲ့များနှင့် မဟာမိတ်တပ်ဖွဲ့ များက ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ပြီး မကြာမီအချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ခြေကုပ်ယူထားသည့် ရာစ်အယ်အင်မြို့ကို စစ်ဆင်ရေးဆင်နွှဲပြီး သိမ်းပိုက်ခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။
ယင်းသို့ တူရကီတပ်ဖွဲ့များ၏ ကာ့ဒ် တပ်ဖွဲ့များအား ပြင်းထန်စွာ စစ်ဆင်ရေးဆင်နွှဲ မှုကြောင့် အရပ်သား သုံးသိန်းကျော်ကို နေရာ ပြောင်းရွှေ့ပေးခဲ့ရသည်။ အဆိုပါစစ်ဆင်ရေး ဆင်နွှဲမှုသည် ၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်း စစ် စတင်ခဲ့သည့် အချိန်ကစပြီး အဆိုးရွားဆုံး သော တိုက်ခိုက်ချေမှုန်းမှုများအနက် တစ်ခုဖြစ် သည့်အပြင် လူပေါင်း ၅၀၀ နီးပါး သေဆုံးခဲ့ပြီး အများစုမှာ ကာ့ဒ်တပ်ဖွဲ့ဝင်များဖြစ်သည်ဟု ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့ လာရေးအဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။
ဆီးရီးယားသမ္မတ ဘာရှာအယ် အာဆတ် က ဆီးရီးယားနိုင်ငံအတွင်း ပြင်းထန်စွာ စစ်ဆင်ရေးဆင်နွှဲလျက်ရှိသည့် တူရကီတပ်ဖွဲ့ များအား လက်တုံ့ပြန်မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
တူရကီသမ္မတ အာဒိုဂန်က ဆီးရီးယား နိုင်ငံအတွင်း ကီလိုမီတာ ၃၀ ခန့်ရှိသော စစ်မဲ့ ဇုန်တစ်ခုသတ်မှတ်ရန် ဆန္ဒရှိသည်။ ထို့ပြင် တူရကီနိုင်ငံက လက်ခံထားသည့် ဆီးရီးယား စစ်ဘေးရှောင်ဒုက္ခသည် ၃ ဒသမ ၆ သန်းခန့်ကို ဆီးရီးယားနိုင်ငံတွင် ပြန်လည်နေရာချထားရန် နှင့် ကာ့ဒ်တပ်ဖွဲ့များ၏ ဆီးရီးယားနိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေတစ်ခု ထူထောင် ရန် ကြိုးပမ်းမှုကိုဖျက်ဆီးပစ်ရန် ဆန္ဒရှိ ကြောင်း သမ္မတအာဒိုဂန်က ဆိုသည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-အောင်ကျော်ကျော်


