အလက်ပို ၃ နိုဝင်ဘာ

 

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် နိုဝင်ဘာ ၁ ရက်မှစတင်ကာ တူရကီနှင့် ရုရှားတို့ ပူးပေါင်းပြီး ကင်းလှည့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

တူရကီနှင့် ရုရှားတို့ သဘောတူညီ ထားမှုအရ နယ်စပ်မှ ကာ့ဒ်တပ်ဖွဲ့ ဝင်များဆုတ်ခွာခြင်း ရှိ မရှိ သေချာစေရန် ပူးပေါင်းကင်းလှည့်မှု ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

 

နာရီပေါင်း ၁၅၀ အတွင်း တူရကီ-ဆီးရီးယားနယ်စပ်ရှိ ကာ့ဒ်တပ်ဖွဲ့များ နောက်ဆုတ်သွားရန် လွန်ခဲ့သည့် သီတင်းပတ်က ဆိုချီမြို့ ပင်လယ်နက် အပန်းဖြေစခန်းတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယခုလို ပူးပေါင်းဆောင်ရွက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ နယ်စပ်တစ်လျှောက် တပ်ဖွဲ့ဝင်များ ပူးပေါင်းကင်းလှည့်မှု ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်တပ်ဖွဲ့ဝင်များသည်လည်း အရှေ့ပိုင်းကို တာဝန်ယူကာ စစ်ဆေးသည့်အပိုင်းကို အောက်တိုဘာ ၃၁ ရက်က တာဝန်ယူဆောင်ရွက်ခဲ့သည်။

 

လွန်ခဲ့သည့်လအတွင်း ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှ အမေရိကန် တပ်ဖွဲ့ဝင်များ ပြန်လည်ခေါ်ယူမည်ဟု သမ္မတ ထရမ့်က ကြေညာခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် စစ်ဆေးမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ကာ့ဒ်တပ်ဖွဲ့ဝင်များ နောက်ဆုတ်သွားပြီဖြစ်သော နယ်စပ်မြို့ဖြစ်သည့် ဒါဘာဆီရာတွင် နိုဝင်ဘာ ၁ ရက်က ကင်းလှည့်စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တူရကီနှင့် ရုရှားတပ်ဖွဲ့ဝင်များသည် ဒါဘာဆီရာမြို့ အရှေ့ပိုင်းသို့ ဦးတည်ကာ ကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြသည်ဟု တူရကီတပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။ ပူးပေါင်းကင်းလှည့်မှု ယာဉ်တန်းတွင် မော်တော်ယာဉ်ကိုး စီးပါဝင်ပြီး ၆၈ မိုင်ခန့် သွားရောက်စစ်ဆေးခဲ့ကြသည်။ တူရကီတွင် လက်ခံထားရသည့် ဆီးရီးယားဒုက္ခသည် ၃ ဒသမ ၆ သန်း ပြန်လည်နေရာချထားပေးရေးအတွက် နယ်စပ်တွင် ဘေးကင်းစိတ်ချရရေးဇုန် တည်ထောင်ရန် တူရကီက ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

 

အေအက်ဖ်ပီ