မိုဂါဒစ်ရှူး ၉ ဩဂုတ်

 

ဆိုမာလီနိုင်ငံ၏ မြို့တော်မိုဂါဒစ်ရှူး၌ အသေခံဗုံးပေါက်ကွဲမှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ရာ ရှစ်ဦးထက်မနည်း သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

မိုဂါဒစ်ရှူးမြို့ ဝတ်ဟိုင်ဂလေခရိုင်တွင် အသေခံဗုံးခွဲသမားတစ်ဦးက ပေါက်ကွဲစေနိုင်သည့်ပစ္စည်းများ တင်ဆောင်ထားသော မော်တော်ယာဉ်တစ်စီးကို ကာကွယ်ရေးအခြေစိုက်စခန်း တစ်ခုအတွင်းသို့ မောင်းနှင်ကာ အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ရှစ်ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ အသေခံဗုံးခွဲတိုက်ခိုက်မှုကို စစ်သွေးကြွများက ကျူးလွန်ခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိပြီး ကာကွယ်ရေးအခြေစိုက်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဒါမီဆာဒစ်အာဒန် က ဆိုသည်။

 

သို့သော် လက်ရှိအချိန်အထိ မည်သည့်အဖွဲ့အစည်းက ကျူးလွန်ခဲ့သလဲဆိုသည်ကို အခိုင်အမာပြောကြားခြင်း မရှိသေးပေ။ အယ်လ်ခိုင်ဒါစစ်သွေးကြွအဖွဲ့အား သစ္စာခံသည့် အယ်လ်ရှာဘတ်အုပ်စုသည် ဆိုမာလီအစိုးရအား ဖြုတ်ချရန် အကြမ်းဖက်လုပ်ရပ်များကို မကြာခဏ ကျူးလွန်လျက်ရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အောင်ကျော်ကျော်