မူဆယ် ၂၈ အောက်တိုဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမူလွယ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်၊ နန်းတော်ဂိတ်အနီး (မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်/ထွက်သည့်ဂိတ်)တွင် ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် လမ်းဖြတ်ကူးသူအား ဆိုင်ကယ်မောင်းနှင်သူမှ အရှိန်ပြင်းထန်စွာဝင်တိုက်၍ လမ်းဖြတ်ကူးသူ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာရွာတွင် နေထိုင်သည့် ထန်မြင့်ချောက်(၅၀နှစ်) ဆိုသူသည် ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် မူဆယ်မြို့၊ မန့်ဝိန်းရပ်ကွက်မှ နာရီစင်ဘက်သို့ ဆိုင်ကယ်အား အရှိန်ပြင်းစွာမောင်းနှင်လာရာ မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်/ထွက်သည့် နန်းတော်ဂိတ်အနီး ရွှေရာဇာ သုံးဘီးယာဉ်ဂိတ်ရှေ့အရောက်တွင် ပြည်ထောင်စုလမ်းမကြီးပေါ် (အနောက်မှအရှေ့)သို့ လမ်းဖြတ်ကူးနေသည့် ကျော်စိုးအောင်အား ဝင်တိုက်မိရာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာသို့ မူဆယ်ယာဉ်ထိန်းရုံးမှ တာဝန်ရှိသူများက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးပြီး မော်တော်ဆိုင်ကယ်အားအရှိန်ပြင်းစွာမောင်းနှင်လာသူ ထန်မြင့်ချောက် ဆိုသူမှာ ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ပြီး မူဆယ်ပြည်သူ့ဆေးရုံသို့ မူခင်းဆေးစာနှင့်အတူ ဆေးဝါးကုသမှုခံယူစေခဲ့သည်။
မော်တော်ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ထန်မြင့်ချောက်ကို မူဆယ်ယာဉ်ထိန်းရဲစခန်းက ဥပဒေအရအမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)


