ထီးချိုင့် အောက်တိုဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၏ အနောက်ဘက် ၁၃ မိုင်ခန့် ကွာဝေး သော ဆင်ဖြူဆိပ် အနောက်ကမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် ၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးမောင်ချိုနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များ၊ ကျေးရွာသူ ကျေးရွာသားများ စုစုပေါင်အင်အား၁၂၀ ခန့်ဝိုင်းဝန်း ငြှိမ်းသတ်ရာ နံနက် ၄ နာရီခန့်တွင်မီးငြိမ်းသွားခဲ့ပါသည်။ မီးလောင်မှုကြောင့် (၉ပင် ၅ပင်) ရှိ ၉ပေပတ်လည် ပျဉ်ထောင်၊ ပျဉ်ခင်း၊သွပ်မိုး (၁) ထပ်ကျောင်းဆောင်မှာ မီးလောင်ပျက်စီးဆုံးရှုံး ခဲ့ပြီးထိခိုက်ဒဏ်ရာရှိသူ တစ်ဦးမှမရှိကြောင်း သိရှိရပါသည်။
မီးလောင်မှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးရာ အဆိုပါဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးဝိစာရမှာ ကျောင်းတွင်နေထိုင်ခြင်းမရှိဘဲ လွန်ခဲ့သော (၄) လခန့်မှစ၍ ကျေးရွာမှ ထွက်သွားရာ ယနေ့အချိန်ထိ ပြန်လည်နေထိုင်ခြင်းမရှိကြောင်း၊ ၎င်းဘုန်းတော်ကြီး ကျောင်းတွင် သံဃာများ သီတင်းသုံးနေထိုင်ခြင်းမရှိသဖြင့် ရှို့မီးဟုယူဆရပါကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရှိရပြီး မီးလောင်မှုနှင့် ပတ်သက်၍ ထီးချိုင့်မြို့မရဲစခန်းမှ အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။
ရဲလင်းထွန်း (ပြန်/ဆက်)


