သထုံ ၁၉ ဖေဖော်ဝါရီ
မွန်ပြည်နယ်၊ သထုံမြို့၊ မြသပိတ်တောင်ထိပ်ရှိ ဆံတော်ရှင် မြသပိတ် စေတီတော်မြတ်ကြီး၏ (၆၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် တောင်ခြေရှိ မြန်မာနိုင်ငံ၌ အကြီးဆုံးဖြစ်သော နှီးဘုရားကြီး ဗုဒ္ဓပူဇနိယ ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၅ နာရီတွင် သံဃာတော် ၄၅ ပါးတို့က တောင်ထိပ်ရှိ ဆံတော်ရှင် စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကာ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများနှင့် ဆွမ်းပွဲ တစ်ထောင်ဖြင့် ကပ်လှူပူဇော်ကြပြီး နံနက် ၇ နာရီမှစတင်ကာ သထုံမြို့နယ် အတွင်းရှိ ကျောင်းတိုက်ပေါင်း ၁၇၄ ကျောင်းမှ သံဃာတော် ၆၅၀ ကျော်နှင့် သီလရှင်ကျောင်းတိုက် ၃၆ တိုက်မှ သီလရှင် ၈၀ ကျော်တို့အား အလှူရှင်အသီးသီးတို့က ရာဟု(ထမနဲ)၊ ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထု အသီးသီးတို့ကို တောင်ခြေတွင် စုပေါင်းလောင်းလှူခဲ့ကြသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ မြသပိတ် စေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် ဗုဒ္ဓဒေသနာတော်များကို အသံမစဲ ရွတ်ဆိုပူဇော်ခဲ့ကြပြီး လပြည့်နေ့ ညနေ ၄ နာရီမှစတင်ကာ မြို့တွင်းရှိ စေတနာရှင်များက နိဗ္ဗာန်ဈေးဖြင့် တည်ခင်းကျွေးမွေးကာ စေတီတော် တောင်တက်လမ်းတစ်လျောက် ဆီမီး ၉၀ဝ၀ ဖြင့် ထွန်းညှိ ပူဇော်ခြင်း၊ ဇာတ်ပွဲများ၊ ပွဲဈေးများဖြင့် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
သက်ဦး(သထုံ)


