ပရော်ဖက်ရှင်နယ် ကုမ္ပဏီအများစုမှာ ကိုဗစ်-၁၉ အကျပ်အတည်း ရင်ဆိုင်ကျော်ဖြတ်ခြင်း အဆင့်ငါးဆင့်မှ တစ်ဆင့်တိုးတက်ဖွယ်ရှိသည်။ အချိန်ကာလအတိုင်း အတာကို အတိအကျ မသိရသေးသော်လည်း အဆင့်များ ၏လားရာကို ယာယီအားဖြင့် ဖော်ထုတ်နိုင်သည်။
(၁) ပြောင်းရွှေ့ပြင်ဆင်ခြင်း
ပထမအချက်ဖြစ်သော ပြောင်းရွှေ့ပြင်ဆင်ခြင်းတွင် အလုပ်များကို ရုံးတွင်လုပ်ရာမှ အဝေးတစ်နေရာမှ လုပ်ခြင်း (သို့) အလျင်အမြန်ပြောင်းရွှေ့ခြင်း ပါဝင်သည်။ ဤအဆင့်အတွက် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု၊ နည်းပညာနှင့် ယဉ်ကျေးမှုအရ ကုမ္ပဏီအနည်းငယ်သာ အပြည့်အဝ ပြင်ဆင်ထားနိုင်ကြသည်။ ကုမ္ပဏီအများစု အဓိကအာရုံစူးစိုက်မှုမှာ လက်ရှိ ရေတိုရှင်သန်ရပ်တည် ရေးဖြစ်သည်။ ဤအဆင့်တွင် အကောင်းဆုံးကုမ္ပဏီများ သည် ၎င်းတို့ဝန်ထမ်းများကို ဂရုစိုက်ပြီး ဖောက်သည်များ ၏ အခက်အခဲကိုပါ ပါဝင်ကူညီပေးသည်။ ပြောင်းရွှေ့ ပြင်ဆင်ရေးကာလအတွင်း အချို့ကုမ္ပဏီများ ရေရှည် ဆက်ဆံရေးနှင့် ဂုဏ်သတင်းကိုရရှိပြီး အချို့ကုမ္ပဏီများ ဆုံးရှုံးလိမ့်မည်။
(၂) ပိတ်ချခြင်း (ပြင်ပနှင့် မထိတွေ့ခြင်း)
ဒုတိယအဆင့်အနေဖြင့် ပညာရပ်ကျွမ်းကျင်သူ အများစုသည် အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ခါတစ်ရံတွင် လူကိုယ်တိုင်မတွေ့ဖြစ်သော်လည်း ကောင်းမွန်သော အွန်လိုင်းဆက်သွယ်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုကို အထောက်အကူဖြစ်စေမည့် ရရှိနိုင်သည့်နည်းပညာများ ကို အသုံးချသည်။ ကုမ္ပဏီများအနေဖြင့် မိမိတို့ကိုယ်တိုင် လုပ်နည်းကိုင်နည်းအသစ်ကို အသားကျအောင် အတတ် နိုင်ဆုံး၊ အကောင်းဆုံး လုပ်ဆောင်ကြရပြီး အများစုမှာ အဆင်မပြေကြပါ။ သို့သော် တစ်ချိန်တည်းတွင် စွမ်းဆောင် ရည်အသစ်များရရှိပြီး လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အလေ့ အထအသစ်များလည်း ပေါ်ထွက်လာမည်။ စျေးကွက်အများ စုတွင် ဝယ်လိုအားသိသိသာသာ ကျလိမ့်မည်။ အကွက်မြင် သော ကုမ္ပဏီများသည် ၎င်းတို့၏ ရှေ့တန်းတိုက်စစ်မှူး ဝန်ထမ်းများ အလုပ်ပါးသည့်အချိန်ကို အကျိုးရှိစွာ အသုံးချ လေသည်။ ဤအချိန်သည် ဝန်ထမ်းများအား အွန်လိုင်းမှ သင်တန်းများပို့ချခြင်း၊ ၂၀၂၀ ပြည့်နှစ်အလွန် ဖြစ်ပေါ် လာမည့်လုပ်ငန်းများတွက် ပြန်လည်ပြင်ဆင်ခြင်းနှင့် ကြုံတွေ့နေသည့် မပြီးပြတ်သေးသော အလုပ်ကြွေးများကို ကိုင်တွယ်ဖြေရှင်းရန် အခွင့်အလမ်းများပင် ဖြစ်သည်။ ကုမ္ပဏီများသည် မိမိဝန်ထမ်းများ ခံစားနေရသော စိတ်ကျန်းမာရေးအခက်အခဲများဖြစ်သည့် အထီးကျန်ခြင်း၊ စကားပြောဖော် လုပ်ဖော်ကိုင်ဖက်များမရှိခြင်းနှင့် အိမ်တွင် လူများလွန်းခြင်းတို့ကို သက်သာစေရန် အွန်လိုင်းမှ အားပေး ပံ့ပိုးပေးရန် လိုအပ်သည်။ အချို့သော ကုမ္ပဏီများသည် မိမိဝန်ထမ်းများ၏ ကျန်းမာရေးသာ အဓိကဟု ပြောဆို နေသော်လည်း ဝန်ထမ်းအမြောက်အမြားကို ထုတ်ပယ်မှာ သေချာသည်။ ဤအဆင့်သည် ကုမ္ပဏီတစ်ခုစီ၏ တန်ဖိုး များနှင့် ရည်မှန်းချက်နှင့်ပတ်သက်၍ မှတ်ကျောက်တင်မည့် အဆင့်ဖြစ်သည်။
(၃) ကျဉ်းထဲကျပ်ထဲမှ လွတ်မြောက်ခြင်း
တတိယအဆင့်သည် ကြိုတင်ခန့်မှန်းရန် အခက်ခဲဆုံး ဖြစ်သည်။ လူအဝင်၊ အထွက် လှုပ်ရှားမှု ကန့်သတ်ချက်များ လျှော့ချကာ လူအများအပြား ပြန်လည်ကျန်းမာလာပြီး ရုံးခန်းများ၊ စျေးများ ပြန်လည်လည်ပတ်လာကာ သာမန် အချိန်သို့ ပြန်လည်ရောက်ရှိလာသည့်အခါ ဖြစ်သည်။ ဖြစ်နိုင်ခြေတစ်ခုအနေဖြင့် ပိတ်ချခြင်း (lockdown) မှ ဖြေလျှော့ခြင်းအဆင့်သို့ လျင်မြန်စွာရွေ့လျားမှု ရှိလိမ့်မည်။ အခြားဖြစ်နိုင်ခြေမှာ ဖွင့်ချလိုက်သည်နှင့် ကိုဗစ်-၁၉ သည် ထပ်မံပျံ့နှံ့သွားပြီး ပိတ်ချခြင်း (lockdown) အနေအထားသို့ ပြန်လည်ဦးတည်သွားလိမ့်မည်။ ဤဖြစ်ရပ်တွင် ကျွန်ုပ် တို့သည် လာမည့်လများအတွင်း ပိတ်ချခြင်း (lockdown)နှင့် ဖြေလျှော့ခြင်း အကြိမ်ပေါင်းများစွာ သံသရာလည်နေ နိုင်သည်။ မည်သို့ပင်ဖြစ်စေ ဖြေလျှော့ခြင်းအဆင့်တွင် လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ကျန်းမာလာသည့် လူအများစုနှင့် အထူးအကန့်အသတ်ဖြင့် နေထိုင်နေရသော လူများကြား နှစ်ပိုင်းကွဲသွားနိုင်သည်။ ဆိုလိုသည်မှာ အနည်းဆုံးယာယီအဖြစ် စျေးကွက် နှစ်မျိုး (ဖြေလျှော့ခြင်း အဆင့်သို့ ရောက်ရှိလာသော ဖောက်သည်များနှင့် မရောက် ရှိသေးသော ဖောက်သည်များ) ဖြစ်ပေါ်လာပြီး ဝန်ဆောင်မှု ပေးမည့် လုပ်အားလည်း နှစ်ပိုင်းခွဲရမည် ဖြစ်သည်။ ဤသို့ဖြင့် လုပ်ငန်းလည်ပတ်ခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ စိန်ခေါ်မှုများ ပေါ်ပေါက်လာလိမ့်မည်။
(၄) မြင့်တက်ခြင်း
လူအများစု အပြည့်အဝ လုပ်ငန်းခွင်ထဲ ပြန်ဝင်လာ ပါက စီးပွားရေးနှင့် စျေးကွက်အပေါ် ယုံကြည်မှု မြင့်တက် လာနိုင်သည်။ ယခုအဆင့်သည် စတုတ္ထအဆင့် ဖြစ်သည်။ ဆုံးရှုံးသွားသော လုပ်ငန်းနယ်ပယ်အချို့ ပြန်လည်အသက် ဝင်လာပြီး အရောင်းအဝယ်များနှင့် စီမံကိန်းများကို ချုံ့ ထားသောကာလ အချိန်အပိုင်းအခြားများဖြင့်ဆောင်ရွက် သွားကြမည်။ ဤမြင့်တက်ခြင်းအဆင့်တွင် ဘဏ္ဍာရေး စျေးကွက်များသည် ကိုဗစ် - ၁၉ မတိုင်မီအဆင့်သို့ ပြန်လည်ဦးတည်လိမ့်မည်။ စက်မှုလုပ်ငန်းနှင့် စီးပွားရေး ပြန်လည်ရှင်သန်ဖွံ့ဖြိုးလာမည်။ ပရော်ဖက်ရှင်နယ် ပညာရှင်အဆင့် ဝန်ဆောင်မှုများ လိုအပ်လာလိမ့်မည်။ များစွာသော အလုပ်လက်မဲ့ပညာရှင်များကို ပြန်လည် အလုပ်ခန့်မည်။ အစောပိုင်းအဆင့်များတွင် မိမိဖောက်သည် များကို ကြည့်ရှုစောင့်ရှောက်ခဲ့သူများသည် ထိုသစ္စာရှိမှု အတွက် ဆုကြေးကို ခံစားရမည့်အချိန် ဖြစ်သည်။
(၅) ဟန်ချက်ညီခြင်း
ကနဦး မြင့်တက်မှုအပြီး အချိန်တန်သော် ဟန်ချက် ညီသွားလိမ့်မည်။ သို့သော် ဤပဉ္စမအဆင့်တွင် ၂၀၁၉ နှောင်းပိုင်းတွင်ရှိခဲ့သော အသက်မွေးဝမ်းကျောင်းပုံစံသို့ ပြန်သွားနိုင်တော့မည်မဟုတ်ပေ။ ပြောင်းရွှေ့ပြင်ဆင် ခြင်းနှင့် ပိတ်ချခြင်းများကြောင့် ဖြစ်ပေါ်လာသော နည်းပညာနှင့် လုပ်ပုံကိုင်ပုံများကို သမားရိုးကျနည်းလမ်း များထက် ပိုမိုသဘောကျလာလိမ့်မည်။ ဖောက်သည်များ သည် သမားရိုးကျလုပ်ငန်းခွင် အလေ့အထများ၏ စွမ်းဆောင်နိုင်မှုဟာကွက်များကိုမြင်ခဲ့ရပြီး ဒစ်ဂျစ်တယ် လုပ်ထုံးလုပ်နည်းစနစ်များကို ဆက်လက်ထိန်းသိမ်းထား ရန် အခိုင်အမာတောင်းဆိုကြလိမ့်မည်။ လူအများစု ကြိုတင်ဟောကိန်း ထုတ်ထားကြသော်လည်း ပရော် ဖက်ရှင်နယ်အလုပ်များစွာကို ပိုမိုတိုတောင်းသော ကာလ အတွင်း လူအစား စက်ကိရိယာများသုံးစွဲပြီး နည်းပညာ ဖြင့် ပြောင်းလဲသွားလိမ့်မည်။
စျေးကွက်ကို ဦးဆောင်နေသည့် ကုမ္ပဏီများသည် ယခုအဆင့်ငါးဆင့်၏ တစ်ဆင့်တိုင်းအတွက် မဟာဗျူဟာ များနှင့် အစီအမံများရှိသင့်ကြောင်း အကြံပြုတင်ပြလိုက် ရပါသည်။ ။
မှီငြမ်း- Richard Susskind and Daniel Susskind တို့၏ Five Phases of Recovery from Covid-19
ရဲဝဏ္ဏလှိုင်


