ဆန်တီယာဂို   ၂၇  အောက်တိုဘာ

အောက်တိုဘာ ၂၅ ရက်က လူပေါင်းတစ်သန်းကျော် ချီလီနိုင်ငံလမ်းများ ပေါ်ထွက်ကာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် သမ္မတ ဆီဘတ်ရှန်ပိုင်နီးရား နုတ်ထွက်ရေး ဆန္ဒပြမှုများပြုလုပ်ခဲ့ရာ နိုင်ငံသမိုင်းတွင် အကြီးကျယ်ဆုံး ဆန္ဒပြမှုကြီးဖြစ်လာခဲ့ကြောင်း အောက်တိုဘာ ၂၆ ရက်ထုတ် နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။

ယခုလိုမျိုး ဆန္ဒပြမှုများကို ကြည့်ခြင်းအားဖြင့် ပြည်သူများပြောင်းလဲမှု တစ်စုံတစ်ရာကို လိုချင်နေသည် ဆိုသည့်အချက်ကို အပြုသဘောဆောင် မီးမောင်းထိုးပြလိုက်သလိုဖြစ်ကြောင်း သမ္မတက ပြောကြားလိုက်သည်။

ဆန္ဒပြသူများသည် တိုင်းရင်းသားအလံများနှင့် အမျိုးသားအလံများကိုကိုင်ဆောင်လာပြီး အောင်မြင်ကျော်ကြား အမျိုးသားနိုးကြားရေးသီချင်းများ သီဆိုဟစ်ကြွေးကာ ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါနေ့ကို သမိုင်းဝင်နေ့တစ်နေ့အဖြစ် ဆန်တီယာဂိုမြို့တော်ဝန် ကာလာရူဘီလာကဖော်ပြခဲ့ပြီး ငြိမ်းချမ်းသော ချီတက်ဆန္ဒပြမှုတစ်ခုအဖြစ် ချီးမွမ်းပြောကြားလိုက်သည်။ ချီလီ၏ အိပ်မက်အသစ်ကို ကိုယ်စားပြုသည့် ဆန္ဒဖော်ထုတ်မှုတစ်ခုအဖြစ် ၎င်းက ဆက်လက်ပြောကြားလိုက်သည်။ ရူဘီလာ က နိုင်ငံတစ်ဝန်းလုံး လူတစ်သန်းကျော် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဆန်တီယာဂိုမြို့တော်ခန်းမတွင် လူပေါင်း ၈၂၀၀၀၀ ခန့် စုဝေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။ လွန်ခဲ့သောရက်သတ္တပတ်က ချီလီရှိအလိုမကျသော လူအုပ်ကြီးသည် နိုင်ငံ၏လူမှုစီးပွားဘ၀ကို မကျေမနပ်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ ချီလီနိုင်ငံတွင်လုပ်ခလစာနည်းပါးခြင်း၊ ပင်စင်လစာနည်းပါးခြင်း၊ ကျန်းမာရေးစရိတ် မြင့်တက်ခြင်း၊ ပညာရေးစရိတ်မြင့်မားခြင်း၊ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားခြင်း စသည်တို့နှင့် လတ်တလောတွင် ကြုံတွေ့နေရကြောင်း သိရသည်။

ဘီလီယံနာတစ်ဦးလည်းဖြစ်သူ ပိုင်နီးရားက များပြားလှသည့် ဆန္ဒပြပြည်သူများ ပျော်ရွှင်၊ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြမှုများကို ကြည့်ခြင်းအားဖြင့် ပြည်သူများအနေဖြင့် ချီလီအတွက် ပိုမိုကောင်းမွန်သည့် အခြေအနေမျိုးနှင့်သာမက အနာဂတ်အတွက် လမ်းပွင့်နေသည့်၊ မျှော်လင့်ချက်တွေ ရှင်သန်နေသည့် နိုင်ငံဖြစ်ရေးကိုပါ တောင်းဆိုလျက်ရှိသည်ကို တွေ့မြင်ရသည်ဟု ၎င်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

မိမိတို့ပြည်သူများ၏ သတင်းစကားကို ကြားသိရကြောင်းနှင့် အားလုံးပြောင်းလဲဖို့ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ စုပေါင်းပါဝင် ညီညွတ်မှုနှင့်သာဆိုလျှင် အားလုံးအတွက် ကောင်းမွန်သည့် ချီလီနိုင်ငံတော်ကြီး ဖန်တီးနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အေအက်ဖ်ပီ