ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ရွေးကောက်ပွဲစောစောကျင်းပဖို့ တောင်းဆိုနေချိန်မှာ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်ရေးအတွက် အချိန်ဆွဲထားမယ့်ကိစ္စမှာ ဗြိတိန်ကို ဘယ်လောက် အတိုင်းအတာအထိ အချိန်ဆိုင်းထားပေးမလဲဆိုတာနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးကြဖို့ ဥရောပသံအမတ်ကြီးတွေက ပြင်ဆင်လျက်ရှိပါတယ်။
ရွေးကောက်ပွဲစောစောကျင်းပရေး
ဒီကိစ္စနဲ့ပတ်သက်လို့ ဥရောပနိုင်ငံအများစုက သုံးလကြာအောင် အချိန်ဆိုင်းထားပေးဖို့ကို ဦးစားပေးနေကြပြီး အကယ်၍ ဒီလိုအချိန်ဆိုင်း ထားဖို့ကို ပါလီမန်လွှတ်တော်က မြန်မြန် ဆန်ဆန် အတည်ပြုလိုက်တာနဲ့ တစ်ပြိုင်နက် လုပ်စရာရှိတာတွေကို စောစောစီးစီးအပြီးလုပ် ဆောင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်နိုင်ငံကတော့ အောက်တိုဘာ ၃၁ ရက်ကို နောက်ဆုံး ထားပြီး အချိန်ဆိုင်းကာလကို ခပ်တိုတိုပဲပေးဖို့ ဆိုထားပါတယ်။
ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က အကယ်၍ ဒီဇင်ဘာ ၁၂ ရက်မှာ ရွေးကောက်ပွဲကျင်းပဖို့ကို ထောက်ခံကြမယ်ဆိုရင် ၎င်းရဲ့ဘရက်ဆစ် ကိစ္စကို ပါလီမန်အဖွဲ့ဝင်တွေအနေနဲ့ စကားစစ် ထိုးကြဖို့ အချိန်များများပေးမယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်က ဒီလိုပြောဆိုခဲ့ပြီးနောက် မှာ ပြင်သစ်နိုင်ငံက ဘရက်ဆစ် အချိန်ဆိုင်းမယ့် ကိစ္စကို ခပ်တိုတိုပဲလုပ်ဖို့ ပြောလာတာဖြစ်ပါတယ်။
သိပ်မသေချာ
အကယ်၍ ဥရောပသမဂ္ဂက ဇန်နဝါရီလ မတိုင်ခင်အထိ အချိန်ဆိုင်းပေးမယ်ဆိုရင် အစိုးရအနေနဲ့ လာမယ့်တနင်္လာနေ့မှာ အထွေထွေရွေးကောက်ပွဲ စောစောကျင်းပဖို့နဲ့ ပတ်သက်ပြီး အများသဘောတူ မဲခွဲဆုံးဖြတ်မှု ပြုလုပ်သွားဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲစောစော ကျင်းပဖို့ကို ထောက်ခံပေးမယ့် ပါလီမန် လွှတ်တော်အဖွဲ့ဝင် လုံလုံလောက်လောက်ရှိဖို့ လိုအပ်ပြီး ပါလီမန်အဖွဲ့ဝင်တွေရဲ့ သုံးပုံနှစ်ပုံ လောက်က ထောက်ခံပေးမှသာ ဒီကိစ္စက ဖြစ်နိုင်မှာမို့ အခွင့်အလမ်း ရှိ မရှိ ဆိုတာက သိပ်ပြီးသေချာတဲ့ အနေအထားတော့ မဟုတ် ပါဘူး။ အလုပ်သမားပါတီကလည်း မဲခွဲဆုံး ဖြတ်မှုအတွက် ဘယ်လိုစီစဉ်နေတယ်ဆိုတာနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားခြင်း မရှိပါဘူး။
ရွေးကောက်ပွဲကျင်းပဖို့ထောက်ခံ
ဒါပေမယ့် အင်တာဗျူးတစ်ခုမှာ အလုပ် သမားပါတီခေါင်းဆောင်ဂျရယ်မီကော်ဘင်းက ကျွန်ုပ်တို့အနေနဲ့ရွေးကောက်ပွဲတစ်ရပ် ကျင်းပ ဖို့ကို လုံး၀ဥဿုံ ထောက်ခံတယ်လို့ ဖြေကြား ထားတာကို တွေ့ရပါတယ်။ ဘရက်ဆစ်အချိန် ဆိုင်းထားရေး ဥရောပသမဂ္ဂထံ အဆိုပြုတဲ့ စာတစ်စောင်ကို ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကပေးပို့ဖို့အတွက် ပါလီမန်လွှတ်တော်အဖွဲ့ဝင် တွေ အတည်ပြုလိုက်ပြီးတဲ့နောက်မှာ ဘရက်ဆစ်အတွက် အချိန်ရွှေ့ဆိုင်းမှုကို ဘယ်လောက် အတိုင်းအတာအထိ ပေးမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို အောက်တိုဘာ ၂၅ ရက် နှောင်းပိုင်းမှာ တံခါးပိတ်ဆွေးနွေးဖို့ စီစဉ်ခဲ့ ကြတာပါ။
အချိန်ဆိုင်းပေးဖို့တောင်းဆို
ဝန်ကြီးချုပ်ရဲ့စာကို မပေးပို့ခင်မှာ မစ္စတာ ဂျွန်ဆင်က ဗြိတိန်ဟာ ဟော်လိုဝင်းနေ့မှာ ဥရောပသမဂ္ဂကနေ နုတ်ထွက်မယ်လို့ အကြိမ် ကြိမ် ကတိပေးအပ်ခဲ့ပါတယ်။ Been Act လို့ ခေါ်တဲ့ ဥပဒေအရဝန်ကြီးချုပ် မစ္စတာဂျွန်ဆင် ကပေးပို့ခဲ့တဲ့ပေးစာထဲမှာ ဗြိတိန်နုတ်ထွက် မယ့်အချိန်ကိုလာမယ့် ၂၀၂၀ ဇန်နဝါရီ ၃၁ ရက် မတိုင်မီအထိ အချိန်ဆိုင်းပေးဖို့ တောင်းဆို ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၄ ရက်မှာ မစ္စတာဂျွန်ဆင် က ၎င်းအနေနဲ့ ဘရက်ဆစ်ကိစ္စ အချိန်ဆိုင်း ထားဖို့ ဆန္ဒမရှိပေမယ့် အကယ်၍ အချိန်ဆိုင်းမှုကို တစ်စုံတစ်ယောက်က နိုဝင်ဘာ ၁၅ ရက် သို့မဟုတ် နိုဝင်ဘာ ၃ဝ ရက်အထိ တိုတို တောင်းတောင်း ဖြစ်စေဖို့ ခွင့်ပြုချက်ပေးနိုင် မလားဆိုတဲ့ ဦးစားပေးဆန္ဒတော့ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထပ်ကြိုးစားမယ်
ရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုထားတဲ့ မစ္စတာကော်ဘင်းဆီပေးဖို့ခဲ့တဲ့ စာတစ်စောင် မှာ မစ္စတာဂျွန်ဆင်ကအကယ်၍ အချိန်ဆိုင်း တာကို ခပ်တိုတိုပဲ ခွင့်ပြုပေးခဲ့မယ်ဆိုရင် ၎င်းအနေနဲ့ အလုပ်သမားပါတီရဲ့ ထောက်ခံမှုနဲ့ အတူ ၎င်းရဲ့ဘရက်ဆစ်အစီအစဉ်နဲ့ ပတ်သက် ပြီး ပါလီမန်လွှတ်တော်မှာ သဘောတူညီမှုရရှိဖို့ ထပ်ပြီး ကြိုးစားသွားဦးမယ်လို့ ပြောဆိုလျက် ရှိပါတယ်။
ဥရောပနိုင်ငံအများစုဟာ ဘရက်ဆစ် အချိန်ဆိုင်းမှုကို ၂၀၂၀ ဇန်နဝါရီလမတိုင်မီအထိ သတ်မှတ်ဖို့ကိုပဲ သဘောတူကြမယ်လို့ ယူဆရပြီး အကယ်၍ အဲဒီအချိန်မတိုင်မီ ဗြိတိန် ပါလီမန်လွှတ်တော်အမတ်တွေက ဘရက်ဆစ် သဘောတူညီမှုတစ်ရပ်ကို အတည်ပြုလိုက်တာ နဲ့တစ်ပြိုင်နက် လုပ်စရာရှိတာတွေကို ခပ်မြန်မြန် လုပ်ဆောင်ကြဖို့ပဲရှိတယ်လို့ လေ့လာသူ အချို့က ဝေဖန်သုံးသပ်ထားပါတယ်။
စိတ်ဝင်စားနေ
ရွေးကောက်ပွဲစောစော ကျင်းပဖို့ဆိုတာ ပါလီမန်လွှတ်တော်အဖွဲ့ဝင်တွေ ဘယ်လို တုံ့ပြန်မလဲဆိုတာကို ဥရောပသမဂ္ဂက စောင့်ကြည့်ချင်နေသလို ပါလီမန်လွှတ်တော်အဖွဲ့ဝင် တွေကလည်းပဲ ဘယ်လိုပုံစံမျိုးနဲ့ အချိန်ဆိုင်းပေးမှာလဲဆိုတာကို မြင်တွေ့ချင်နေကြပါတယ်။
အကယ်၍ သောကြာနေ့မှာ ဘာဆုံးဖြတ်ချက်မှ မချနိုင်ခဲ့ဘူးဆိုရင် ခေါင်းဆောင်တွေအနေနဲ့ သဘောတူညီမှုတစ်ခု ပြုလုပ်နိုင်စေဖို့အတွက် အရေးပေါ်အစည်းအဝေးတစ်ရပ်ကို လာမယ့် ရက်သတ္တပတ် တနင်္လာနေ့မှာ ဘရပ်ဆဲလ်မှာ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ ကျွန်တော်အမြဲ တိုက်တွန်းနေခဲ့တယ်၊ ဘာကြောင့်လဲဆိုတော့ ဗြိတိန်နိုင်ငံဟာ လူမှုရေးဆိုင်ရာ တရားမျှတမှု မရှိတဲ့ အကြောင်းအရာတွေအားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် လိုအပ်နေတယ်။ ဒါပေမယ့် သဘောတူညီချက်မဲ့ အခြေအနေမျိုး ကိုတော့ ညှိနှိုင်းစားပွဲပေါ်က ဖယ်ရှားထားသင့်တယ်။ ဘရက်ဆစ် အချိန်ဆိုင်းကာလ သတ်မှတ်မှု ရှိ မရှိဆိုတာက ဥရောပသမဂ္ဂက ဆုံးဖြတ်လိမ့်မယ်။ အဲဒါပြီးတော့မှ ကျန်တာကို ကျွန်ုပ်တို့ ဆက်ပြီးဆုံးဖြတ်နိုင်မယ်လို့ မစ္စတာ ကော်ဘင်းက မှတ်ချက်ပေးခဲ့ပါတယ်။
စကားစစ်ထိုးပွဲ
အကယ်၍ ရွေးကောက်ပွဲစောစော ကျင်းပရေးကို ပါလီမန်လွှတ်တော်အဖွဲ့ဝင်တွေ က လုံလုံလောက်လောက် ထောက်ခံခဲ့မယ်ဆို ရင် မစ္စတာဂျွန်ဆင်ရဲ့ ဘရက်ဆစ် သဘောတူ ညီမှုနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၆ ရက်မတိုင်ခင် အချီအချ စကားစစ်ထိုးကြရဖို့ ရှိနေပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ အလုပ်သမားပါတီနဲ့ တခြားပါတီငယ်တွေဟာ ၎င်းရဲ့လမ်းကြောင်း အတိုင်း ၎င်းကိုသွားခွင့်ပေးမယ်လို့ အပိုင်တွက် ထားလို့မရနိုင်ပါဘူး။ ဘရက်ဆစ်အတွက် သုံးလ အချိန်ဆိုင်းပေးမှုကို သဘောတူလိုက်တာနဲ့ တစ်ပြိုင်နက် ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ကို SNP နဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ နှစ်ခု လုံးက ရည်မှန်းထားပါတယ်။
မဲပေးမှာမဟုတ်
အလုပ်သမားပါတီရဲ့ တရားဝင်ရပ်တည် ချက်ကတော့ ရွေးကောက်ပွဲကျင်းပရေးကို သဘောတူညီဖို့ဆိုတာပဲဖြစ်ပြီး ၎င်းတို့ဟာ တခြားပါတီတွေလိုပဲ အချိန်ရွှေ့ဆိုင်းမှုကို သဘောတူသမျှ ကာလပတ်လုံး သိပ်ပြီးတော့ အသံထွက်မှာ မဟုတ်ပါဘူး။ ပါတီတွေရဲ့ သဘောထားကို ခြုံငုံပြောရရင် အလုပ်သမား ပါတီဟာ ရွေးကောက်ပွဲကျင်းပဖို့ လိုလားပေ မယ့် သဘောတူညီချက်မဲ့တဲ့ ဘရက်ဆစ် နုတ်ထွက်ရေးကို ညှိနှိုင်းစားပွဲပေါ်ကနေ သေချာပေါက် မဖယ်ရှားမချင်း ဘယ်သူ့ အတွက်မှ မဲပေးမှာမဟုတ်တဲ့ သဘောထားကို တွေ့ရပါတယ်။
ကွန်ဆာဗေးတစ်ပါတီ အနေနဲ့ဆိုရင် မစ္စတာဘောရစ်ဂျွန်ဆင်က ရွေးကောက်ပွဲ ကျင်းပရေးကို နှစ်ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ သော်လည်း အဲဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ပါလီမန်အဖွဲ့ဝင်တွေအားလုံးရဲ့ ညီညွတ်မှုကို မရခဲ့ပါဘူး။ အဖွဲ့ဝင်တွေက ဘရက်ဆစ်ကိစ္စနဲ့ ကိုပဲ အရင်ဆုံးဦးစားပေးလုပ်ဆောင်ဖို့ စောဒက တက်ခဲ့ကြပါတယ်။ ။
ဘီဘီစီ
ဘာသာပြန်- ကလျာမိုးမြင့်


