သထုံ ၂၃ ဖေဖော်ဝါရီ
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံ(သထုံ)ကျောင်း၏ စတုတ္ထအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီခွဲက အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေးသိပ္ပံ(သထုံ)၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းရီက ဒီပလိုမာ အောင်လက်မှတ်ရယူကြမည့် ကျောင်းသားကျောင်းသူ ၁၀၈ ဦးထံမှ ကတိဝန်ခံချက်များရယူပြီး အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံ ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဖဲဆောင်က ပထမနှစ်မှ နောက်ဆုံးနှစ်အထိ တန်းစဉ်ပေါင်း ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ကာ ကျောင်းအုပ်ဆရာမကြီးက ဒီပလိုမာအောင်လက်မှတ်ရ မောင်မယ်များအား သြဝါဒစကားများ မြွက်ကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ စိုက်ပျိုးရေးသိပ္ပံ(သထုံ) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ဌာနဆိုင်ရာများနှင့် ဒီပလိုမာ အောင်လက်မှတ်ရ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)


