နေပြည်တော် ၁၄ မတ်
ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ဌာနပိုင် စက် ၊ ယာဉ် ၊ ယန္တရား (၄၀ဝ၀) ကျော်နှင့် ဌာနပိုင်စက်၊ ယာဉ်၊ ယန္တရားများကို ထိန်းသိမ်းပြုပြင်ရေး ဆောင်ရွက်နေရသော စက်ပြင် လုပ်သားကြီးများ၊ မောင်းနှင်ပေးနေရသည့် စက်မောင်း /ယာဉ်မောင်းများ (၄၀ဝ၀) ကျော် ရှိသည့်အတွက် အဆိုပါ စက်မောင်းစက်ပြင်များ၏ အရည်အသွေးများ ခေတ်နှင့် အညီစနစ်တကျ တိုးတက်မြင့်မားစေရေး ဆောင်ရွက်ရန် ရည်ရွယ်၍ Seminar on Human Resource Development of Machines Operators and Mechanics for Construction Equipment in Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနနှင့် Japan International Cooperation Agency (JICA) တို့ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲ တွင် စာတမ်းရှင်များ၊ ပညာရှင်များက သက်ဆိုင်ရာခေါင်းစဉ်အလိုက် စာတမ်းများကို ဖတ်ကြားဆွေးနွေးကြသည်။
အဆိုပါသင်တန်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော် က စက်မောင်းယာဉ်မောင်းများ၏ အရည်အသွေး မြင့်မားစေရန် လမ်းဦးစီးဌာန အောက်တွင် (၁၉၅၈) ခုနှစ်ကစပြီး စက်မှုသင်တန်းကျောင်းခွဲ (၂) ခု ဖွင့်လှစ်ကာ နှစ်စဉ် စဉ်ဆက်မပြတ် လေ့ကျင့်သင်တန်းပေးလျက်ရှိကြောင်း၊ သင်တန်းကျောင်း၏ သင်ရိုးညွှန်းတမ်းများ၊ သင်ထောက်ကူပစ္စည်းများ အဆင့်မြှင့်တင်နိုင်ရေး သာမက အာဆီယံစံနှုန်းများ၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် သင်တန်းများ ဖြစ်စေရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဌာနလိုအပ်ချက်သာမက ပုဂ္ဂလိကကဏ္ဍ၏ လိုအပ်ချက်ကိုပါ ဖြည့်ဆည်းနိုင်စေရန် ကြိုးစားရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပွဲကရရှိလာမည့် အခြေခံအချက် အလက်များမှ တစ်ဆင့် သင်တန်းကျောင်းများ အဆင့်မြှင့်တင်ရေးကိုလည်း JICA အဖွဲ့ အနေဖြင့် ဆက်လက် ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
(သတင်းစဉ်)


