ရန်ကုန် ၁၀ မတ်
ရန်ကုန်မြို့ ထောက်ကြန့်ရှိ အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် လျက်ရှိသော Daewoo Bus Myanmar မော်တော်ယာဉ် တပ်ဆင် ထုတ်လုပ်ရေးစီမံကိန်းသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ယနေ့နံနက်ပိုင်းတွင် သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများက Daewoo Bus များနှင့် Mini Bus တပ်ဆင် ထုတ်လုပ်ရေးအတွက် အဆောက်အဦနှင့် စက်ပစ္စည်း တည်ဆောက်တပ်ဆင်နေမှု အခြေအနေများအား တင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက Chassis တပ်ဆင်ထုတ်လုပ်ရေး လိုင်း၊ မော်တော်ယာဉ်ကိုယ်ထည်(Coach) တပ်ဆင်ထုတ်လုပ်ရေးလိုင်း/ Welding တွဲဆက်ရန် လျာထားသောနေရာများ၊ အင်ဂျင်နှင့် မော်တော်ယာဉ်အောက်ပိုင်း တပ်ဆင်ရေးလိုင်းများ စနစ်တကျ သတ်မှတ်ပုံစံအတိုင်း တပ်ဆင်၍ အမြန်ပြီးစီးရန်မှာကြားပြီး Shower Test ဆောက်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးသည်။
Daewoo Bus Myanmar မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေးအတွက် လိုအပ်သော စက်ကိရိယာများသည် ရောက်ရှိနေပြီဖြစ်၍ အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်လျက်ရှိပြီး ကိုရီးယားနိုင်ငံတွင် စာတွေ့၊ လက်တွေ့ သင်ကြားပြီးဆုံး၍ ပြန်လည်ရောက်ရှိနေသော မြန်မာအင်ဂျင်နီယာများနှင့် ပညာရှင်များ၊ ကိုရီးယား အင်ဂျင်နီယာများ နှင့် ပူးတွဲ၍ စက်ကိရိယာများ တပ်ဆင်သည်မှ မော်တော်ယာဉ် ထုတ်လုပ်သည်အထိ လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ထို့အပြင် Daewoo Service Center နှင့် Product Showroom များကိုလည်း ဖွင့်လှစ် တော့မည်ဖြစ်ပြီး စံချိန်မီ Daewoo Bus များကို မကြာမီ စတင်ထုတ်လုပ် နိုင်တော့မည်ဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် (၂၉)ယောက်စီး Mini Bus များကို e-Bus များအဖြစ်သို့လည်း ပြောင်းလဲ၍ ဆက်လက်ထုတ်လုပ်သွားရန် စီစဉ်ထားရှိကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းကာလမှာပင် အများပြည်သူများ အန္တရာယ်ကင်းရှင်းအောင် စနစ်တကျ တပ်ဆင်ထုတ်လုပ်ရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ တပ်ဆင်ထုတ်လုပ်ရေး၊ စီမံကိန်း ရည်မှန်းချက်အတိုင်း အချိန်မီပြီးစီးရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်ရေးတို့အား မှာကြားပြီး Daewoo Bus မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေး စီမံကိန်းအတွင်း လှည့်လည်ကြည့်ရှုပြီး ကိုရီးယားနိုင်ငံထုတ် အရေးပေါ်လူနာတင်ယာဉ်နှင့် ဘတ်(စ်)ကားများအား ကြည့်ရှုစစ်ဆေးသည်။
ယင်းစီမံကိန်းနေရာတွင် Charging Station များကိုလည်း တည်ဆောက်သွားရန် နှင့် CNG အသုံးပြုသော မော်တော်ယာဉ်များကိုလည်း ဆက်လက်ထုတ်လုပ်ရန် လျာထားကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုက်ဝိုင်းဘုရားလမ်းရှိ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်ကျွမ်းကျင်သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းခန်းမနှင့် ရုံးခန်းအား ကြည့်ရှု့စစ်ဆေးကာ ရွေ့လျားသင်တန်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရေး၊ သင်တန်းတွင် အသုံးပြုမည့် စက်ပစ္စည်းကိရိယာများအား စနစ်တကျ ထိန်းသိမ်းထားရှိရေး၊ သင်တန်းသားများအား ကျွမ်းကျင်စွာ သင်ကြားပြသနိုင်ရေးအား စီမံဆောင်ရွက်ပေးရန်၊ သန့်ရှင်း သပ်ရပ်စွာထားရှိရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)


