ရန်ကုန် ၁၀  မတ်

Yangon Book Street စနေ-တနင်္ဂနွေ စာအုပ်လမ်းကို နံနက်ပိုင်းက စတင်ကာ ရန်ကုန်မြို့ သိမ်ဖြူလမ်း ဝန်ကြီးများရုံးရှေ့တွင် စာအုပ်ဆိုင်များဖွင့်လှစ်ရောင်းချလျက်ရှိရာ ပြည်တွင်းစာပေဝါသနာရှင်များသာမက နိုင်ငံခြားသားခရီးသွားဧည့်သည်များလည်း ဝယ်ယူအားပေးလျက်ရှိသည်။

 

mdn

 

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနေ ဦးဇော်ဝင်းက "အိမ်ကကလေးတွေအတွက် စာအုပ် လာဝယ်တာပါ။ ငယ်ငယ်ကတည်းကစာဖတ်တဲ့အလေ့အကျင့်လေးတွေ ရစေချင်ပါတယ်။ ကျောင်းပိတ်ရက်မှာ သူတို့ဝါသနာပါရာ စာပေတွေဖတ်ရှုနိုင်ဖို့ စာအုပ်မျိုးစုံတော့ဝယ်ဖြစ်တယ်။ အခုလိုတစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း ဝယ်လို့ရတော့ အဆင်ပြေပါတယ်’’ ဟုပြောသည်။

Yangon Book Street စနေ-တနင်္ဂနွေ စာအုပ်လမ်းတွင် စာအုပ်ရောင်းသည့် ဆိုင်ခန်း ၇၀ ခန့်ရှိပြီးစာပေချစ်မြတ်နိုးသူပရိသတ်များအတွက် ဘာသာရပ်မျိုးစုံ စာအုပ်များ၊ ဘာသာပြန်စာအုပ်များ၊ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့် စာအုပ်များ၊ သုတရသ အဟောင်း/အသစ်၊ လုံးချင်းဝတ္ထုတို/ ဝတ္ထုရည် စာအုပ်များ၊ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဆိုင်ရာသုတရသစာအုပ်များ၊ ဆေးပညာ ဆိုင်ရာစာအုပ်များ၊ အင်္ဂလိပ်-မြန်မာအဘိဓာန်စာအုပ်များ၊ ပုံပြင်စာအုပ်မျိုးစုံ၊ ဗေဒင်စာအုပ် မျိုးစုံ၊ ကလေးငယ်များဘာသာရေးကိုင်းရှိုင်းစေရန်အတွက် ဘာသာရေး စာအုပ်များခင်းကျင်းရောင်းချပေးလျက်ရှိသည်။

 

mdn

 

ယနေ့တွင် Yangon Book Street စနေ-တနင်္ဂနွေ စာအုပ်လမ်း၌  စာအုပ်ရောင်းချခြင်းများအပြင် နံနက် ၁၀ နာရီတွင် Save the Library ၏ လူသား စာကြည့်တိုက်မှလူသားစာအုပ်များဖတ်ရှုခြင်းအစီအစဉ်၊ မွန်းလွှဲ ၁ နာရီတွင် စာရေးဆရာထက်မြက်၏ ’’ကျွန်တော်ချစ်ခင်လေးစားသည့် နိုင်ငံရေးစာပေပညာရှင်များ’’ စာပေဟောပြောပွဲနှင့် မွန်းလွှဲ ၃ နာရီတွင် ထိန်ဝင်းစာအုပ်တိုက်မှ စီစဉ်ပြီး သရုပ်ဆောင်ရွှေပိုးအိမ် ပါဝင်ကူညီသည့်’’ မေးကြည့် ဖြေကြည့် ပဟေဠိ’’ အစီအစဉ်များ ထည့်သွင်းထားသည်။

Yangon Book Street စနေ-တနင်္ဂနွေ စာအုပ်လမ်းကိုယခုနှစ်တွင် ဖွင့်လှစ် ရောင်းချရာ ရက်သတ္တပတ် ခြောက်ပတ်မြောက်ရှိပြီးဖြစ်ကြောင်းသိရသည်။ 

သတင်း - မင်းသစ်(MNA)
ဓာတ်ပုံ - သန့်ဇင်ဝင်း

 

mdn