ရန်ကုန် ၉ မတ်
ရန်ကုန်မြို့ သိမ်ဖြူလမ်း ဝန်ကြီးများရုံးရှေ့ရှိ Yangon Book Street စနေ-တနင်္ဂနွေ စာအုပ်လမ်းတွင် ယနေ့နံနက်ပိုင်းကစတင်ကာ စာအုပ်ဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စာပေဟောပြောပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ရာ စာပေချစ်မြတ်နိုးသူများ၊ စာအုပ်လာရောက်ဝယ်ယူသူများ၊ လေ့လာသူများဖြင့် စည်ကားလျက်ရှိသည်။
“ဒီစာအုပ်လမ်းက လူငယ်တွေအတွက် တော်တော်ကောင်းပါတယ်။ တစ်နေရာတည်းမှာ စာအုပ်အမျိုးအစား စုံစုံလင်လင် ဝယ်လို့ရတယ်။ နောက်ပြီးတော့ ဝန်ကြီးများရုံးနားမှာ စာအုပ်ဆိုင်တွေ ဖွင့်လိုက်တဲ့အတွက်ကြောင့် ဒီနေရာလေးက သမိုင်းကြောင်းအရလည်း အထိမ်းအမှတ်ဖြစ်နေတော့ သွားလို့လာလို့ကောင်းတယ်၊ လမ်းလျှောက်ရင်းနဲ့လည်း စာပေနဲ့ပတ်သက်တာတွေကို သိရမြင်ရကြုံရတယ်။ စာမဖတ်တဲ့သူတွေတောင် ဒီနားမှာ လမ်းလျှောက်သွားရင်းနဲ့ စာအုပ်လေးတွေမြင်ပြီး စာဖတ်ချင်တဲ့စိတ်တွေ ဝင်လာပြီး စာအုပ်လေးတွေဝယ်ဖြစ်မယ်၊ စာဖတ်ဖြစ်မယ်၊ စာဖတ်ချင်တဲ့သူတွေ အတွက်လည်း သူတို့လိုချင်တဲ့ စာအုပ်ရှာဝယ်နိုင်မယ်’’ ဟု မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကိုနေထွန်းက ပြောသည်။
မွန်းလွဲပိုင်းတွင် စနေ-တနင်္ဂနွေစာအုပ်လမ်း၌ စာရေးဆရာ ဆောင်းဝင်းလတ်က “စာပေရွေးချယ်မှုအနုပညာ’’ ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲပြုလုပ်ခဲ့သည်။
စာရေးဆရာဆောင်းဝင်းလတ်က “စနေ-တနင်္ဂနွေ စာအုပ်လမ်းက ရာသီဥတု ကောင်းနေတဲ့အချိန်မှာ ရှိသင့်ပါတယ်။ ဒီလိုစည်စည်ကားကား ရှိခြင်းအားဖြင့် ဖြတ်သွားဖြတ်လာ သွားကြတဲ့သူတွေက ရတဲ့အချိန်လေးမှာ စာပေနဲ့မကင်းကွာတော့ဘူး။ စနေ-တနင်္ဂနွေစာအုပ်လမ်းက စာပေနဲ့ပတ်သက်တဲ့ အငွေ့အသက်ကို လူတွေနဲ့မကင်းကွာအောင် ဆွဲဆောင်ပေးတာနဲ့တူတယ်။ ရာသီဥတုသာယာတဲ့ ကာလတွေမှာ စာအုပ်လမ်းလေးရှိခြင်းအားဖြင့် လူတွေကို ဆွဲဆောင်မှုပေးတဲ့အတွက် အမြဲတမ်းရှိစေချင်ပါတယ်’’ ဟု ပြောသည်။
Yangon Book Street စနေ-တနင်္ဂနွေ စာအုပ်လမ်းတွင် စာအုပ်ရောင်းသည့် ဆိုင်ခန်း ၇၀ ခန့်ရှိပြီး စာပေချစ်မြတ်နိုးသူ ပရိသတ်များအတွက် ဘာသာရပ်မျိုးစုံ စာအုပ်များ၊ သုတရသ အဟောင်း/အသစ်၊ လုံးချင်းဝတ္ထုတို/ ဝတ္ထုရှည် စာအုပ်များ၊ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဆိုင်ရာ သုတရသ စာအုပ်များ၊ ဆေးပညာဆိုင်ရာ စာအုပ်များ၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်စာအုပ်များ၊ ပုံပြင်စာအုပ်မျိုးစုံ၊ ဗေဒင်စာအုပ်မျိုးစုံ၊ ကလေးငယ်များ ဘာသာရေး ကိုင်းရှိုင်းစေရန်အတွက် ဗုဒ္ဓဝင်ကာတွန်းစာအုပ်များ ခင်းကျင်းရောင်းချလျက်ရှိသည်။
မတ် ၁၀ ရက် တနင်္ဂနွေနေ့တွင် Yangon Book Street စနေ-တနင်္ဂနွေ စာအုပ်လမ်း၌ နံနက် ၁၀ နာရီတွင် Save the Library ၏ လူသားစာကြည့်တိုက်မှ လူသားစာအုပ်များ ဖတ်ရှုခြင်းအစီအစဉ်၊ မွန်းလွဲ ၁ နာရီတွင် စာရေးဆရာထက်မြက်၏ “ကျွန်တော်ချစ်ခင်လေးစားသည့် နိုင်ငံရေး စာပေပညာရှင်များ’’ စာပေဟောပြောပွဲနှင့် မွန်းလွှဲ ၃ နာရီတွင် ထိန်ဝင်းစာအုပ်တိုက်မှ စီစဉ်ပြီး သရုပ်ဆောင်ရွှေပိုးအိမ် ပါဝင်ကူညီမည့် “မေးကြည့် ဖြေကြည့်ပဟေဠိ’’ အစီအစဉ်များ ထည့်သွင်းထားကြောင်း သိရသည်။
Yangon Book Street စနေ-တနင်္ဂနွေ စာအုပ်လမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက စာအုပ်စာပေ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့၏ ကူညီမှုဖြင့် ၂၀၁၇ ခုနှစ်မှ စတင်ကာ မိုးရာသီအကုန် ပွင့်လင်းရာသီ စနေ-တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိရာ ယခုနှစ်ဆိုလျှင် သုံးနှစ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်း - မင်းသစ်(MNA)
ဓာတ်ပုံ - ရဲထွဋ်


