မန္တလေး ၃၀ သြဂုတ်
စဉ်ကိုင်မြို့နယ် သပြေရိုးကျေးရွာတွင် မီးလောင်မှုဖြစ်ပွားရာမှ အိပ်ပျော်နေသည့် ကလေးနှစ်ဦး မီးလောင်သေဆုံးမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
ယနေ့မနက် ၉ နာရီဝန်းကျင်ခန့်က သပြေရိုးကျေးရွာရှိ ဦးတင်ဝင်းနှင့် ဇနီးဖြစ်သူသည် မြစ်ငယ်ဈေးသို့ ဈေးရောင်းသွားစဉ် နေအိမ်ရှိ ရေခဲသေတ္တာ ဆေ့ဂတ်အပူလွန်ကဲ ပြီးမီးလောင်မှုဖြစ်ပွားခဲ့သည်။
အဆိုနေအိမ်တွင် ဦးတင်ဝင်း၏ မြေးဖြစ်သူအသက် ၅ နှစ်အရွယ် မောင်မင်းချစ်ဝင်း ၊ အသက် ၃ နှစ်အရွယ် မသံစဉ်ဖြိုး တို့သည် အိပ်ပျော်နေခဲ့ပြီး မီးလောင်မှုဖြစ်ပွားစဉ် မီးခိုးမွှန်ကာ မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
" မောင်နှမ ၂ယောက် ဖက်ပြီး မီးလောင်သေဆုံးတဲ့ပုံ ကြည့်ပြီး စိတ်တောင် မကောင်းဘူး။ နေရတာ အဆင်မပြေဘူး '' ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် ငွေကျပ် ၂၇၀,ဝ၀ဝ ကျော်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆမှုဖြင့် သက်ဆိုင်ရာရဲစခန်းမှ အရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။
အိမို့မို့ခိုင်
ဓါတ်ပုံ-ကိုဇော်ဇော်


