ရန်ကုန် ၁၄ မတ်
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Contract Farming စနစ်ဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ပူးပေါင်းဆောင်ရွက်ထားသော တောင်သူများ၏ စပါးစိုက်ဧကများအတွက် သီးနှံအာမခံထားရှိရန် ဆွေးနွေးမှု ပြုလုပ်နေကြောင်း Global Worl d Insurance ကုမ္ပဏီမှ ဒါရိုက်တာ ဦးစိုးဝင်းသန့်က ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ Contract Farming ဖြင့် ပူးပေါင်းဆောင်ရွက်ထားသည့် တောင်သူများအတွက် သီးနှံအာမခံထားရှိရန် ပရီမီယံကြေးကို အသင်းချုပ်၏ ရန်ပုံငွေဖြင့် ပေးသွင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမှတ် ၆၂၊ Bahosi Development တွင် မတ်လ ၁၂ ရက်က ကျင်းပပြုလုပ်သည့် "Micro Insurance & Liberalization" နှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ စမ်းသပ်ကာလ ပထမနှစ်မှာ ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီနှစ်မှာ ဧကထောင်ချီပြီးတော့ ဆောင်ရွက်နိုင်ဖို့ တိုးချဲ့သွားမယ်။ ဆန်စပါးအသင်းချုပ်က ဘယ်လောက်ထိ လုပ်မှာလဲ။ အဲဒီတော့ ဆန်စပါးအသင်းချုပ်က သူတို့မှာ contract farming က ဧကသောင်းချီရှိတယ်။ အဲဒီလိုလုပ်ရင် ကျွန်တော်တို့က လက်ခံမယ်။ ဒါပေမယ့် re-insurance ကို လုပ်မှရမယ်။ ဘာလို့လည်းဆိုတော့ ဒါကပမာဏကြီးတယ်။ ဆန်စပါးအသင်းချုပ်နဲ့ ကျွန်တော်တို့ စကားတရားဝင် ပြောပြီးလို့ လက်ခံရင် re-insurance ကုမ္ပဏီနဲ့ စကားပြောပြီး IBRB မှာ re-insurance လုပ်ခွင့် တင်ပြမယ်။" ဟု Global World Insurance ကုမ္ပဏီမှ ဒါရိုက်တာ ဦးစိုးဝင်းသန့်က ပြောသည်။
သီးနှံအာမခံကို စမ်းသပ်လုပ်ကိုင်ရန်အတွက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (IBRB) သို့ တင်ပြခဲ့ခြင်းဖြစ်ပြီး ယင်းစမ်းသပ်လုပ်ကိုင်ခြင်းကို ၂၀၁၈ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်မှာ တောင်သူလယ်သမား စိုက်ပျိုးထားသည့် သီးနှံများ ရာသီဥတု ဖောက်ပြန်မှုကြောင့် အထွက်နှုန်းကျဆင်းခဲ့လျှင် ငွေကြေးအားဖြင့် အထောက်အပံ့ရရှိစေရန် စမ်းသပ်ဆောင်ရွက်သည့် အာမခံ အမျိုးအစားတစ်ခုဖြစ်ကြောင်း သိရသည်။
အာမခံသက်တမ်းမှာ နွေစပါးနှင့်မိုးစပါး (၂) ကြိမ်လုံးအတွက် ပရီမီယံပေးသွင်းသည့်နေ့မှစ၍ ၁ နှစ်ဖြစ်ပြီး လယ် တစ်ဧကလျှင် စပါးအထွက်နှုန်း တင်း(၅၀) သတ်မှတ်၍ စပါးတစ်ဧကလျှင် တစ်နှစ်ပရီမီယံနှုန်းထား ကျပ် ၅၀ဝ၀ ပေးသွင်းရမည်ဖြစ်ကာ ယင်းကဲ့သို့ သတ်မှတ်ခြင်းကို စိုက်ပျိုးသည့်သီးနှံ၏ ယခင်နှစ် စပါးဈေးကွက်ပေါက်ဈေး၊ အထွက်နှုန်းတို့ အပေါ်မူတည်၍ တစ်ဧကတန်ဖိုးကို တွက်ချက်သတ်မှတ်ခြင်းဖြစ်သည်။
"လျော်ကြေးကို သတ်မှတ်အခြေခံ စပါးဈေးနှုန်းနဲ့ ပေးလျော်မှာဖြစ်ပါတယ်။ တကယ်လို့ အခြေခံစပါးဈေး မသတ်မှတ်နိုင်ရင် ကျွန်တော်တို့ သတ်မှတ်ထားတာက မျှတမှုရှိအောင် ကျပ်ငါးသိန်းပေါ့။ အခုလုပ်ချင်တဲ့သူတွေ အရမ်း များလာပြီဖြစ်တဲ့အတွက် အလားအလာ အလွန်ကောင်းတယ်။ ကျွန်တော်တို့ သိရသလောက် လွှတ်တော်ထဲမှာလဲ သီးနှံအာမခံ ပေါ်ပေါက်အောင် ဆွေးနွေးနေပြီလို့ သိရတယ်။ အဲ့ဒါကြောင့် သီးနှံအာမခံက အလားအလာကောင်းတယ်။ နိုင်ငံတော်အတွက်လည်း မရှိမဖြစ်လိုအပ်တဲ့အတွက် လုပ်ကိုလုပ်ရမယ်လို့ သိထားတယ်။" ဟု ဦး စိုးဝင်းသန့် ပြောသည်။
၂၀၁၈ ခုနှစ်အတွင်း စမ်းသပ်ဆောင်ရွက်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့မှ မြို့နယ် ၅ မြို့နယ်ရှိ စပါးဧက ၃၀ဝ ဝန်းကျင်ကို သီးနှံအာမခံ လက်ခံထားရှိရာတွင် လျော်ကြေးငွေ ပေးအပ်မှုမရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် သီးနှံအာမခံစနစ် စမ်းသပ်လုပ်ဆောင်ရန် မိုးရေချိန်၊ အပူချိန်၊ စပါးစိုက်ဧက အထွက်နှုန်း၊ သီးနှံအမျိုးအစားကို သက်ဆိုင်ရာဦးစီးဌာနသို့ တောင်းဆိုရာတွင် စာရင်းအတိအကျမရရှိဘဲ ပျမ်းမျှသာရရှိခြင်းကြောင့် စပါးအထွက်နှုန်း သတ်မှတ်ရာ၌ ဒေသတစ်ခုနှင့် တစ်ခုမတူညီ၍ အခက်အခဲများရှိသဖြင့် နိုင်ငံတော်အနေဖြင့် မိုးရေချိန်၊ အပူချိန်၊ သီးနှံအထွက်နှုန်းတို့နှင့် ပတ်သက်သော စာရင်းအတိအကျ ထုတ်ပြန်ပေးသင့်ကြောင်း သိရသည်။
"ဒီလိုလုပ်တာ ရေနက်ကွင်းက တောင်သူတွေအတွက် အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ တောင်သူတွေရဲ့ လောဘကြောင့် ရေနက်ကွင်းမှာ သက်င ယ်စပါးစိုက်မယ်ဆို အဆင်မပြေဘူး။ ရေနက်ကွင်းမှာ စပါးစိုက်ရင် သူနဲ့လိုက်တဲ့ စပါးကိုပဲ စိုက်လို့ရတယ်။ အဲ့ဒါကို တောင်သူတွေက သက်ငယ်စပါးစိုက်ရင် မလိုလားအပ်တဲ့ ပျက်စီးမှုလည်းဖြစ်ရော အာမခံထားထားတယ်။ အာမခံကြေးလျော်ပါဆိုတာ တောင်သူဘက်က မဖြစ်သင့်ဘူး။ အဓိကတော့ အာမခံထားမယ့် တောင်သူရဲ့ ကွင်းအနေအထား စိုက်စပါးအနေအထားကို ကြည့်ရမယ်။" ဟု ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ တောင်သူ ဦးထွန်းထွန်းဝေက ပြောသည်။
သီးနှံအာမခံထားရှိသူများအနေဖြင့် ရေကြီး/ရေလျှံ၍ နစ်မြှုပ်မှု၊ မိုးခေါင်၍ အောင်ရေမရရှိမှုနှင့် လေမုန်တိုင်းတိုက်ခတ်မှု စသည့် ရာသီဥတုဖောက်ပြန်မှုကြောင့် သတ်မှတ်ထားသော သီးနှံအမျိုးအစားအလိုက် ပျှမ်းမျှအထွက်နှုန်းအောက် လျော့နည်းသည့်ပမာဏကို ကြိုတင်သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် ပေးလျော်ရမည်ဖြစ်ပြီး နွေစပါး သို့မဟုတ် မိုးစပါး ပျက်စီးဆုံးရှုံးမှုအတွက် တစ်ကြိမ်သာ ခံစားခွင့်ရရှိမည်ဖြစ်ကာ လျော်ကြေးပေါ်ပေါက်ပြီးနောက် ဒုတိယအကြိမ်အတွက် အကာအကွယ် ဆက်လက်ယူလိုပါက တည်မြဲရေး ပရီမီယံကြေး ထပ်မံပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
သီးနှံအထွက်နှုန်း တိုင်းတာခြင်းကို ရိတ်သိမ်းချိန်ထွက်ရှိမည့် သီးနှံပမာဏကို တိုင်းတာရာတွင် စံကွက်သတ်မှတ်ပြီး တိုင်းတာသည့် နည်းစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အာမခံထားရှိရာတွင် လူကြောင့်ဖြစ်သော ဆုံးရှုံးပျက်စီးခြင်း၊ တောရိုင်းနှင့် အိမ်မွေးတိရစ္ဆာန်များကြောင့် ဆုံးရှုံးပျက်စီးခြင်း၊ မြေပြိုခြင်းနှင့် မြေငလျင်ကြောင့် ဆုံးရှုံးပျက်စီးခြင်း၊ အကြမ်းဖက်မှုနှင့် စစ်၊ စစ်အသွင်ဆောင်သော အကြမ်းဖက်မှုကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ ရိတ်သိမ်းချိန်လွန်မှုကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးပျက်စီးခြင်း၊ မိုးသီးကြွေကျခြင်းကြောင့် ဆုံးရှုံးပျက်စီးခြင်း၊ တောမီး/ရှို့မီး/ကူးစက်မီးကြောင့် ဆုံးရှုံးပျက်စီးခြင်းနှင့် စက်တပ်ယာဉ်/စက်မဲ့ယာဉ်များကြောင့် ဆုံးရှုံးပျက်စီးခြင်း အစရှိသည်တို့ဖြစ်ပွားပါက အကျုံးဝင်မည်မဟုတ်ကြောင်း သိရသည်။
အေးယမုံ


