ဒေးဒရဲ ၁၉ ဖေဖော်ဝါရီ 


ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် စားသုံးသူများ ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍  စားသုံးသူရေးရာ ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စည်ပင်သာယာမြို့မဈေးရှိ အိမ်သုံးဆေးဝါးဆိုင်နှင့် စိုက်ပျိုးရေးသုံး ဆေးဝါး အရောင်းဆိုင်များအား ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် သက်တမ်းကုန် ဆေးဝါးများ၊ မြန်မာအညွှန်း မပါသော ဆေးဝါးများ၊ ဆေးအဆိပ် အဆင့်အတန်း သတ်မှတ်ချက် မပါသော ဆေးဝါးများ ရောင်းချမှု မရှိစေရေး၊ စားသုံးသူ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် စည်ပင်သာယာမြို့မဈေးရှိ ဆိုင် ၁၁ ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့သည်။ 


ဆက်လက်ပြီး ကုန်စည်များကို မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည့် ဦးစားပေး ကုန်စည်များကို သိရှိစေရေး အသိပညာပေးရှင်းလင်းခဲ့ပြီး ပူးပေါင်းအဖွဲ့မှ စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


ရွှေဒေးသူ