ဒေးဒရဲ နိုဝင်ဘာ ၁၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်း သည် ဒေးဒရဲမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာများ၊ မဲစာရင်း ကိစ္စရပ်များနှင့် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ခွဲဝင်များ၊ နိုင်ငံရေးပါတီဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့ညနေ ၄ နာရီက အမှတ်(၁)ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက မဲပေးစက်များ စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်စေရေး ကြိုတင်ဆောင်ရွက်ထားရန်၊ ဒုတိယအကြိမ် ထုတ်ပြန် ကြေညာမည့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် မဲပေးစက် ထားရှိမည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း


