ဝါရှင်တန် မေ ၂၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏သမ္မတသက်တမ်း ကုန်ဆုံးမည့် ၂ဝ၂၉ ခုနှစ် ဇန်နဝါရီလမတိုင်မီ မျိုးဆက်သစ်ဒုံးကျည် ကာကွယ်ရေးစနစ်သစ် စတင်အသုံးပြုနိုင်ရေး ရည်ရွယ်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

Golden Dome ဟု အမည်ပေးထားသည့် အဆိုပါ မျိုးဆက်သစ် ဒုံးကျည်ကာကွယ်ရေးစနစ်သစ်သည် အာကာသမှ ပစ်လွှတ်ခဲ့လျှင်ပင် ဒုံးကျည်များကို ကြားဖြတ်ပစ်ချဟန့်တားနိုင်စွမ်းရှိသည်ဟု ၎င်းက မေ ၂၀ ရက်တွင် သတင်းထောက်များကို ပြောသည်။

အဆိုပါ အစီအစဉ်လုပ်ဆောင်မှုကို ကြီးကြပ်ကွပ်ကဲရန် အာကာသ တပ်ဖွဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးကို ခန့်အပ်မည်ဟု သမ္မတဒေါ်နယ်ထရမ့်က ပြောသည်။ ထို့အပြင် ဒေါ်နယ်ထရမ့်သည် ၁၉၈ဝ ပြည့်လွန်နှစ်များက သမ္မတဟောင်း ရော်နယ်ရီဂင် အဆိုပြုခဲ့သော အာကာသအခြေပြု ဒုံးကျည်ကာကွယ်ရေးစနစ်အကြောင်းကိုလည်း ပြောကြားခဲ့သည်။ ရော်နယ်ရီဂင်သည် အဆိုပါ အာကာသအခြေပြုဒုံးကျည်ကာကွယ်ရေး စနစ်ကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက လိုချင်ခဲ့သော်လည်း ထိုကဲ့သို့ လုပ်ဆောင်ရန် နည်းပညာအရင်းအမြစ်မရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Golden Dome ကို မြေပြင် ပင်လယ်ပြင်တွင်သာမက အာကာသထဲတွင်ပါ ဖြန့်ကြက်ချထားနိုင်မည်ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ ဒုံးကျည်ခြိမ်းခြောက်မှုများအပေါ် စိုးရိမ်မှုများ မြင့်တက်လာချိန်တွင် ဒေါ်နယ်ထရမ့်က အမေရိကန်ဒေါ်လာ ၁၇၅ ဘီလီယံခန့် ကုန်ကျမည့် အဆိုပါစီမံကိန်းကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ထရမ့်အစိုးရအဖွဲ့သည် ကနဦးတွင် မြေပြင်မှ မြေပြင်ပစ်ဒုံးကျည်များကို ကြားဖြတ်ပစ်ချဟန့်တားရန် ဒီဇိုင်းထုတ်ထားသော အစ္စရေး၏ လေကြောင်းကာကွယ်ရေးစနစ်ကို အစွဲပြုပြီး အဆိုပါစီမံကိန်းကို အမေရိကန် အိုင်းယန်းဒုံးဟု ခေါ်ဝေါ်ခဲ့သည်။

 

 အင်န်အိတ်ချ်ကေ