မကွေး ၂၃ ဖေဖော်ဝါရီ
မကွေးခရိုင်အတွင်းရှိ တောင်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများ ဈေးကွက်သို့ အချိန်မီတင်ပို့နိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း(၃)လမ်းကို ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်၌ ဖောက်လုပ်ပေးလျက်ရှိရာ ကုန်ထုတ်လမ်းနှစ်လမ်း ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က စတင်ဖောက်လုပ်ခဲ့သည့် အဆိုပါကုန်ထုတ်လမ်းများ ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ (၁၈၉၁)၊ လူဦးရေ (၈၆၆၅) ဦး ၊ စိုက်ပျိုးမြေဧက (၄၅၅) ဧကအတွက် အကျိုးသက်ရောက်မှုများရှိလာမည်ဖြစ်ပြီး စိုက်ပျိုးမြေမှဈေးကွက်သို့ အကုန်အကျသက်သာ၍ လျှင်မြန်စွာပို့ဆောင်နိုင်တော့မည်ဖြစ်သည်။
“ ကျေးလက်နေပြည်သူများရဲ့ ထုတ်ကုန်/ထွက်ကုန်များကို ကုန်ကျစရိတ်သက်သာပြီး လျင်လျင်မြန်မြန် သယ်ပို့ပေးနိုင်မယ့် ဆိပ်ခံသွားလမ်းတွေအပါအဝင် အထောက်အကူပြုလမ်းတွေ၊ စက်မှုလယ်ယာအတွင်းကလမ်းတွေ၊ ရေကျော်၊ မြောင်းကူးတံတားနဲ့ ဆိပ်ခံတံတားတွေကို ၂၀၁၈ခုနှစ် မီနီဘတ်ဂျက်ကစပြီး ကျေးလက်ကုန်ထုတ်လမ်းအဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာပါ ” ဟု မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်းက ကုန်ထုတ်လမ်းဖောက်လုပ်မှုအခြေအနေအား ရှင်းပြသည်။
၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်၌ မကွေးမြို့နယ်၊ မြင်ကွန်း-အင်းကုန်းကျေးရွာ ကုန်ထုတ်လမ်း(၃ ဖာလုံ)၊ တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးကျေးရွာကုန်ထုတ်လမ်း(၂ မိုင် ၃ ဒသမ ၁ဖာလုံ)၊ မြို့သစ်မြို့နယ် ဆူးတပ်ကြီးကျေးရွာ ကုန်ထုတ်လမ်း(၂မိုင် ၄ဖာလုံ) စုစုပေါင်း ၅ မိုင် ၂ ဒသမ ၁ ဖာလုံကို ကျောက်ရောမြေ နှစ်ပေထု/ တစ်ပေထု၊ မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်းလုပ်ငန်းများအတွက်တင်ဒါခေါ်ယူပြီး ငွေကျပ် ၁၄၆ ဒသမ ၅ သန်း အသုံးပြုဖောက်လုပ်လျက်ရှိသည်။
ကုန်ထုတ်လမ်းများမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် “က” အဆင့်ဝင်လမ်း နှင့် “ခ”အဆင့်ဝင်လမ်းစာရင်းတွင်ပါဝင်ခြင်းမရှိသော လမ်းများဖြစ်ကြောင်း ၊ မကွေးခရိုင်အတွင်း ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်၌ တောင်တွင်းကြီးမြို့နယ် ၊ ပရပ်ကြယ်ကျေးရွာကုန်ထုတ်လမ် း(၁မိုင် ၄ဒသမ၄ဖာလုံ)မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ငွေ ကျပ် ၃၉ ဒသမ ၈ သန်းဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ကာ ယခုဘတ်ဂျက်နှစ် ဆောင်ရွက်လျက်သောလမ်းများအနက် ပြီးစီးရန်ကျန်ရှိ နေသည့် ဝက္ကသေးကျေးရွာကုန်ထုတ်လမ်းကို မိုးရာသီမတိုင်မီ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)


