နေပြည်တော် ၂၄ စက်တင်ဘာ
ရန်ကုန်ဘူတာကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တရားခံများအား လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံ ဓါးဦးချွန်ဖြင့် ထိုးသဖြင့် ရဲဒုတပ်ကြပ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်နေ မောင်ကောင်းထက်လင်းပါ ၂ ဦးသည် ယမန်နေ့မွန်းလွဲ ၃ နာရီက ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက် ဘုရားလမ်းဘူတာမှ ရန်ကုန်ဘူတာကြီးသို့ မီးရထားသံလမ်းအတိုင်း လမ်းလျှောက်လာစဉ် ဗိုလ်ချုပ်အောင်ဆန်း ဈေးအနောက်ဘက်ရှိ လူကူးဂုံးတံတားအောက် အရောက်၌ မဲလုံး၊ အောင်သူနှင့် အောင်ကိုဦးတို့ ၃ ဦး ရောက်ရှိလာပြီး ဓားဖြင့်ခြိမ်းခြောက်၍ မောင်ကောင်းထက်လင်း၏ထံမှ Vivo-51 အမျိုးအစားဖုန်း ၁ လုံးအား လုယူကာ ဘုရားလမ်းဘူတာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း ရန်ကုန်ဘူတာကြီး ရဲစခန်းသို့ လာရောက်အကြောင်းကြားခဲ့သည်။
သို့ပါ၍ ရန်ကုန်ဘူတာကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက တရားခံများအား စုံစမ်းဖမ်းဆီးရာ မဲလုံးအား ပန်းဆိုးတန်းခုံးတံတားအောက်၌ ဖမ်းဆီးရမိပြီး အောင်သူပါ ၂ ဦးမှာ သိမ်ဖြူမီးရထားရပ်ကွက်ဘက်သို့ ထွက်ပြေးသွား၍ ရဲဒုတက မျိုးမြင့်လွင် ဦးစီး ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးစဉ် အောင်သူမှ ဓားဦးချွန်ဖြင့် ထိုးပြီးထွက်ပြေးသွားခဲ့ကြောင်း၊ ရဲဒုတက မျိုးမြင့်လွင်တွင် ဝဲရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ဝဲဘက် ထိုးသွင်းဒဏ်ရာ ၁ ချက် ရရှိသေဆုံးသွားခဲ့၍ ၎င်းတို့ ၃ ဦးအား ဒဂုံမြို့မရဲစခန်း(ပ)၂၃၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ (လူသတ်မှု၊လုယက်မှု)ဖြင့် အမှုဖွင့်ပြီး ထွက်ပြေးတရားခံ ၂ ဦးဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းရှာဖွေခဲ့ရာ အောင်ကိုဦးနှင့် အောင်သူတို့အား ယနေ့တွင် မင်းရဲကောင်းပုံလမ်းနှင့် ဂရုဏာလမ်းထောင့်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်


