ရန်ကုန် အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အမှတ် (၉၄) ရပ်ကွက် အိမ်ရာစီမံခန့်ခွဲရေးကော်မတီ၏ မတည်ရန်ပုံငွေနှင့် စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေဖြင့် တည်ဆောက်သည့် ယုဇန အလင်းတန်းစာကြည့်တိုက်နှင့် လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ပညာဒါနသင်တန်းခန်းမ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်၊ ဒဂုံမြို့သစ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကို၊ အမှတ်(၉၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး အိမ်ရာစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဇင်နှင့် ယုဇနအလင်းတန်းစာကြည့်တိုက် ကော်မတီဥက္ကဋ္ဌ ဦးမောင်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ယုဇန အလင်းတန်းစာကြည့်တိုက်အား ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှု ကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က စက်ခလုတ်နှိပ် ဖွင့်လှစ်သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အမှာစကား ပြောကြားပြီး ယုဇနအလင်းတန်း စာကြည့်တိုက်သို့ သုတ/ရသစာအုပ်များနှင့် အလှူငွေများ လှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)


