နေပြည်တော် ၁၃ မတ်
၂၀၁၈ ခုနှစ်အတွင်း ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ ဓါတ်ပုံပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် အတက်ကြွဆုံးလှုပ်ရှား ပါဝင်ခဲ့သည့် ခရိုင်၊ မြို့နယ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနအနေဖြင့် “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” ဆောင် ပုဒ်နှင့်အညီ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ပြည်သူများ အားကစား လှုပ်ရှားမှုကို စိတ်ပါဝင်စားစွာဖြင့် ပါဝင်လှုပ်ရှားကြရေးအတွက် လူထုပညာ ပေးစည်းရုံး ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ပြည်သူများ အားကစားလေ့ကျင့်မှု အထောက်အကူ ပစ္စည်းကိရိယာများကို လက်လှမ်းမီရေးအတွက် ဖြည့်ဆည်းပေးခြင်းတို့ကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရာတွင် ပိုမို အကျိုးရှိရန်နှင့် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ပိုမိုရရှိရန်အတွက် အထူးအ ရေးကြီးသော အာဟာရဖွံ့ဖြိုးမှု လုပ်ငန်းများကိုလည်း မဟာဗျူဟာများနှင့်စီမံချက်များ ချမှတ်ကာ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဓာတ်ပုံပြိုင်ပွဲ၊ ဝတ္ထုတိုပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ နှင့် ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ၊ ဒီဇင်ဘာ လူထု အားကစားလှုပ်ရှားမှုများတွင် အတက်ကြွဆုံး ပါဝင်လှုပ်ရှားခဲ့သည့် မြို့နယ်များ၊ ခရိုင် များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဆုများပေးအပ်ကြပြီး မြန်မာနိုင်ငံ အားကစား မီဒီယာများအဖွဲ့ချုပ်သို့ ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။
ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုများတွင် အတက်ကြွဆုံး ပါဝင်လှုပ်ရှားခဲ့သည့် တတိယဆုရ မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရ ပဲခူးတိုင်း ဒေသကြီး၊ ပထမဆုရ ကယားပြည်နယ်နှင့် ၂၀၁၈ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုအမြင့်မားဆုံးဆုရရှိသော ရန်ကုန်တိုင်း ဒေသကြီးအား ဆုဖလားနှင့် ငွေသားဆုများကို ပေးအပ်ပြီး ဆုရ(ဓါတ်ပုံ၊ ဝတ္ထုတို၊ ကဗျာ၊ ဆောင်းပါး)များနှင့် လူထုအားကစားလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများကို လှည့်လည် ကြည့်ရှုသည်။
(သတင်းစဉ်)


