နေပြည်တော် အောက်တိုဘာ ၂၇
KNPP/ KNDF/PDF အကြမ်းဖက် သောင်းကျန်းသူများသည် ကယားပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် ကျေးလက်ဒေသများပါမကျန် သာသနိက အဆောက်အအုံများ၊ တက္ကသိုလ်များ၊ ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ အိုးအိမ်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းများကို ရက်စက်ယုတ်မာရိုင်းစိုင်းစွာ ပြုလုပ်ခဲ့ကြ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့/ရွာ အေးချမ်းသာယာရေး အတွက် အဆိုပါနယ်မြေအတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် လမ်းဘေးဝဲ/ယာ ချုံနွယ်များကို တပ်မတော်သားများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စက်ယန္တရားများဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်ဇော်မင်းလတ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးသည်။
ထို့နောက် ကယားပြည်နယ် လွိုင်ကော်တပ်နယ်ခန်းမ၌ လွိုင်ကော်မြို့ပေါ် ကျောင်းများမှ ဆရာ ဆရာမများအား စားသောက်ဖွယ်ရာများ ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ဗိုလ်ချုပ် ဇော်မင်းလတ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ ဗိုလ်ချုပ်ဇော်မင်းလတ်က အမှာစကားပြောကြားသည်။ ယင်းနောက် ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တိုင်းမှူးတို့က စားသောက်ဖွယ်များ ပေးအပ်ရာ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများက လက်ခံရယူကြပြီး ဆရာ ဆရာမများကိုယ်စား ကျောင်းအုပ်ဆရာကြီး တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ဗိုလ်ချုပ်ဇော်မင်းလတ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက် လာကြသော ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထို့အပြင် ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များအား သွားရောက်တွေ့ဆုံ၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများကို လိုက်လံကြည့်ရှု အားပေးစကား ပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။
ယင်းနောက် ဗိုလ်ချုပ်ဇော်မင်းလတ်နှင့်အဖွဲ့ဝင်များသည် ဆေးရုံဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဆေးရုံရှိ ဆရာဝန်၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် လူနာများအတွက် ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


