နေပြည်တော် ၂၂ ဖေဖော်ဝါရီ
ပင်လယ်ကမ်းရိုးတန်းဒေသနေ ပြည်သူများ ရာသီဥတု ပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေ ရပ်တည်နိုင်ရေးအတွက် ဒီရေရောက်သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း စီမံကိန်း၏ သဘာဝဘေးအန္တရာယ် ထိခိုက်လွယ်မှု ဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ M-gallery Hotel ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် ဒေါက်တာညီညီကျော် က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် သစ်တောသစ်ပင်နှင့် ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်များအား ပြန်လည်ထူထောင်ခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းများကို နိုင်ငံတကာ အကူအညီများ၊ နိုင်ငံတော်၏ အစီအစဉ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကမ်းရိုးတန်းဒေသများတွင် ကမ်းရိုးတန်းဒေသနှင့် အဏ္ဏဝါရေပြင် ဂေဟစနစ်များဖြစ်သည့် ဒီရေတော၊ သန္တာကျောက်တန်း၊ ပင်လယ်မြက်ခင်း၊ သဲသောင် ကမ်းခြေ၊ ရွှံ့နွှံလတာပြင်များကို ထိန်းသိမ်းကာကွယ်နိုင်ရန် ဒီရေတော ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ၊ အဏ္ဏဝါ သဘာဝထိန်းသိမ်းရေးနယ်မြေများ၊ ကမ္ဘာ့အသိအမှတ်ပြု ရမ်ဆာကမ်းရိုးတန်း ရေဝပ်ဒေသများ တိုးချဲ့ဖွဲ့စည်းခြင်းကို အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ပင်လယ်ကမ်းရိုးတန်း ဒေသနေပြည်သူများ ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေ ရပ်တည်နိုင်ရေးအတွက် ဒီရေရောက်သစ်တောများကို စနစ်တကျစီမံအုပ်ချုပ် လုပ်ကိုင်ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
(သတင်းစဉ်)


