ဒိုက်ဦး အောက်တိုဘာ ၂၉

 

ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ်အတွင်းရှိ တောင်သူများအား ဆောင်းသီးနှံမျိုးစေ့နှင့် သွင်းအားစု ဓာတ်မြေဩဇာပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်သည်။

 

ကြည့်ရှုအားပေး

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က  ဒေသခံတောင်သူများနှင့် တွေ့ဆုံရာ ဆောင်းသီးနှံတွင် ပဲအမျိုးမျိုးနှင့်  ဆီထွက်သီးနှံကို  အားထည့် စိုက်ပျိုးသည့် ဒေသတစ်ခုဖြစ်၍ ပြည်ပပို့ စိုက်ပျိုးသီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်း မပါရှိစေရေး အလေးထားလိုက်နာ   ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သီးထပ်စွမ်းအား တိုးတက်စေရေးအတွက် ရေကြီးရေနက်ကွင်းများကို ရေတော်မိုးတော်စိုက်ဧကအဖြစ် နှစ်စဉ်အဆင့်မြှင့်တင် ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသကြက်နှင့်ဘဲ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်အထိ တိုးချဲ့မွေးမြူကြရမည်ဖြစ်ပါကြောင်း၊ သွင်းအားစု ဓာတ်မြေဩဇာများကို တောင်သူ ကိုယ်တိုင်လုပ် သဘာဝမြေဩဇာနှင့်  အချိုးကျ ရောစပ်သုံးစွဲကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒေသခံတောင်သူများအား ဆောင်းသီးနှံ မျိုးစေ့များဖြစ်သည့် မြေပဲ၊ ပဲတီစိမ်း၊ နေကြာ၊ ပဲပိစပ်၊ ပိုက်ဆံလျှော်နှင့် သွင်းအားစုဓာတ်မြေ ဩဇာများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။

 

ယင်းနောက် ဒိုက်ဦးမြို့နယ် ပျဉ်းမလွင် ကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဦးဇော်လွင်၏ ကာကီကင်းမျိုး ဥစားဘဲကောင်ရေ ၇၀၀၀ မွေးမြူထားရှိမှုကိုလည်းကောင်း၊ လက်ခုပ်ကွင်းကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသကြက် ၁၀၀၀၀နှင့် ဥစားဘဲကောင်ရေ ၅၀၀၀ မွေးမြူထားရှိမှုနှင့် တိရစ္ဆာန်အစာအဖြစ် ရေကျောက်ခက် မွေးမြူရေးကန်များ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ ကတုတ်ဘုရားကြီးကျေးရွာအုပ်စု အတွင်းရှိ ယခင်စိုက်ပျိုး၍မရသော သဲဆန်ကုန်းကြော လယ်မြေအမျိုးအစား၌ ယာ-၁၄ စပါးမျိုး စိုက်ပျိုးအောင်မြင်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးပြီး မြို့နယ်အလိုက်ရှိ သဲဆန်ကုန်းကြော လယ်မြေများတွင် ပန်းတိုင်အထွက်နှုန်းရရှိသည့် ယာ-၁၄ စပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)