ရန်ကုန် ဒီဇင်ဘာ ၉

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား စာပေဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဂိမ်းပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကုမုဒြာခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်က အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးရွှေလှိုင်က လူငယ်နှင့်စာပေအကြောင်း အသိပညာပေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးမင်းမင်းထိုက်က စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း အသိပညာပေးပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲအမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကို စတင်ခဲ့ရာ အထက (၁)၊ အထက(၂)၊ အထက(ခွဲ) အလက (၂)၊ အထက ရခိုင်ချောင်၊ ဟာမိုနီ ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ကျောင်းသား ကျောင်းသူ ငါးဦးတို့က “စာပေမြင့်မှ လူမျိုးတင့်မည်၊ “ခေတ်သစ်ကမ္ဘာအတွက်ပညာရေးနှင့် စာရိတ္တပျိုးထောင်မှုစသည့် ခေါင်းစဉ်များကိုမဲနိုက်ပြီး ကျရာခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)