ရန်ကုန် ၄ မေ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ထုတ်ပြန်ထားသော ဒေသန္တရအမိန့် မလိုက်နာသူများကို အရေးယူဆောင်ရွက်လျက်ရှိရာ ယနေ့ မေ ၄ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်တရားရုံးမှ စည်းကမ်းမလိုက်နာသူ (၁၁)ဦးအား ထပ်မံ၍ အလုပ်မဲ့ ထောင်ဒဏ်(၁)လစီ ပြစ်ဒဏ်အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါသည် အများပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ထိခိုက်စေသည့်အပြင် အသက်အန္တရာယ် သေဆုံးသည်အထိ ဖြစ်ပွားလာနိုင်သဖြင့် ဒလမြို့နယ် သတ်မှတ်နယ်နမိတ်အတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေးခြင်းများကို ဧပြီ ၁၈ ရက်မှစ၍ (၂)လတိတိ နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ဆောင်ရွက်ခြင်းမပြုလုပ်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညမထွက်ရ အမိန့်ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။
ဒလမြို့နယ်အတွင်း ဧပြီ ၂၈ ရက်တွင် (၃)ဦး၊ ၂၉ ရက်တွင် (၅)ဦး၊ ၃၀ ရက်တွင် (၃)ဦး၊ မေ ၄ ရက်တွင် ၁၁ ဦး၊ စုစုပေါင်း (၂၂)ဦးတို့ကို မြို့နယ်တရားရုံးမှ အလုပ်မဲ့ ထောင်ဒဏ်(၁)လစီ ပြစ်ဒဏ်များ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)


