ရန်ကုန် အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက မြတ်မြင့်မိုရ်ကောင်း ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူက မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မီးလောင်နေစဉ်အတွင်း ရှောင်ရှားသင့်သည့် အချက်များ၊ လိုက်နာရန် အချက်များ၊ မီးငြှိမ်းသတ်ရန် နည်းလမ်းများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် မိုးလေ၀သသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာဆောင်ရွက် သင့်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်ငါးဦးနှင့် အရန်တပ်ဖွဲ့ဝင်နှစ်ဦးတို့က ကျောင်းသား ကျောင်းသူများအား မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့ သရုပ်ပြ လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက် )


