မာလာအောင် (ယဉ်ကျေးမှု)
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ၌ မျက်မြင်အားဖြင့် အကောင်အထည်မဖော်ပြနိုင်ဘဲ လူသားတို့၏ နှလုံးသား၌ စွဲကျန်နေသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intan- gible Cultural Heritage)ဟူ၍ ရှိပါသည်။ တစ်နည်းအားဖြင့် မျိုးဆက်တစ်ခုမှမျိုးဆက်တစ်ခုထံသို့ ယဉ်ကျေးမှု အမွေအနှစ်များကို နှုတ်ဖြင့်ဖြစ်စေ၊ လက်တွေ့သင်ကြား ပေးခြင်းဖြင့်ဖြစ်စေ၊ မှတ်တမ်းမှတ်ရာများထားရှိပေး၍ဖြစ်စေ ရှေးယခင်မှ ယနေ့မျက်မှောက်ကာလအထိ ဆင့်ကဲဆင့်ကဲ ရောက်ရှိလာခြင်းသည် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ပေါ်ထွန်းလာခြင်းပင် ဖြစ်ပါသည်။
အဆိုပါ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရန်နှင့် ထောက်ပံ့ကူညီပေးရန် ရည်ရွယ်၍ ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံများပါဝင်ဖွဲ့စည်းထားသည့် ယူနက်စကိုအဖွဲ့အစည်း (UNESCO- United Nations Educational, Scientific and Cultural Organization - ကုလသမဂ္ဂပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း) သည် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၁၇ ရက်နေ့အထိ ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် အထွေထွေ အစည်းအဝေး (32nd Session)တွင် ၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအား ကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ ပဋိညာဉ်စာချုပ် (2003- Convention for the Safeguarding of the Intangible Cultural Heritage)ကို ကြေညာခဲ့ပါသည်။
မြန်မာနိုင်ငံလက်မှတ်ရေးထိုးခဲ့ခြင်း
မြန်မာနိုင်ငံသည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား ကာကွယ်စောင့်ရှောက်ရန်၊ အလေးထားတန်ဖိုး ထားနိုင်ရန် နှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ပဋိညာဉ်စာချုပ်တွင် ၂၀၁၄ ခုနှစ် မေလ ၇ ရက်နေ့၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း
မြန်မာနိုင်ငံအနေဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုများ ထိန်းသိမ်းခြင်းကို ၂၀၁၄ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ခဲ့ပါ။ မြန်မာတို့၏ဒြပ်မဲ့ယဉ်ကျေးမှုတို့ကို ရှေးဘိုးဘေးများမှ ယနေ့လူငယ်များထံသို့ လက်ဆင့်ကမ်းလာခြင်းသည် ရှေးခေတ် အဆက်ဆက် နှစ်ပေါင်းများစွာကစ၍ ယနေ့တိုင်ပင် ရှင်သန်နေပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း ၁၉၅၂ ခုနှစ်၌ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာနကို တည်ထောင်၍ ဝန်ကြီးဌာနလက်အောက်ရှိ ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနက ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် မြန်မာ့တိုင်းရင်းသားမျိုးနွယ်တို့၏ မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့် ကမ်းကြသည့် ရိုးရာဓလေ့ထုံးစံများနှင့် ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ပြပွဲများပြုလုပ်ခြင်း၊ ပြတိုက်များတွင် ပြသခြင်း၊ စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းများကို ဆောင်ရွက်ခြင်းဖြင့် ရိုးရာယဉ်ကျေးမှုကို ရှင်သန်စေရန် အားပေးဆောင်ရွက်ခဲ့ပါသည်။
ရှေးဟောင်းသုတေသနဌာနကလည်း ဒြပ်ရှိယဉ်ကျေးမှုများဖြစ်သည့် ခေတ်အဆက်ဆက် ရှေးဟောင်းအဆောက် အအုံများရှိ အနုပညာလက်ရာများ၊ မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းနေရာများ တူးဖော်ရရှိသည့် ရှေးဟောင်း ပစ္စည်းများကို ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိကြပါသည်။ ၂၀၀၇ ခုနှစ်တွင် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနနှင့် ရှေးဟောင်းသုတေသန ဦးစီးဌာနတို့ပေါင်း၍ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် အမျိုးသား စာကြည့်တိုက်သည် သမိုင်း သုတေသနနှင့် ပေါင်း၍ ဦးစီးဌာနတစ်ခု ဖွဲ့စည်းလိုက်ပါသဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအဖြစ်သာ ပြန်လည်ဖွဲ့စည်းခဲ့ပြီး မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှု လုပ်ငန်းများ နှင့် ဒြပ်ရှိယဉ်ကျေးမှုလုပ်ငန်းများကို ရေရှည်တည်တံ့စေရန် ဆောင်ရွက်လျက်ရှိပါသည်။
အနုပညာဦးစီးဌာနကလည်း ဒြပ်မဲ့ယဉ်ကျေးမှုများ ဖြစ်သည့် မြန်မာ့ရိုးရာအနုပညာများ ဆက်လက်ရှင်သန်စေရန် အနုပညာအထက်တန်းကျောင်းများဖြစ်သည့် ပန်းချီ၊ ပန်းပုနှင့် ပန်တျာကျောင်းများ ဖွင့်လှစ်ပြီး အနုပညာ အမွေအနှစ်ကို လက်ဆင့်ကမ်း၍ ပြည်တွင်း/ ပြည်ပများ၌ မြန်မာ့ရိုးရာ ဂီတ၊ အကများကို ရင်းနှီးစေရန် ရည်ရွယ်၍ ဖျော်ဖြေပေးလျက်ရှိကြပါသည်။ ဤနည်းတူစွာ ၁၉၉၃ ခုနှစ်မှ စတင်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်ကို ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မန္တလေးမြို့၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်ကို ထပ်မံဖွင့်လှစ်ပေး၍ မြန်မာ့အနုပညာများ ဖြစ်သည့် ပန်းချီ၊ ပန်းပု၊ ဇာတ်သဘင်နှင့် ဂီတတို့ကို တက္ကသိုလ်အဆင့် သင်ကြားပေးလျက်ရှိပါသည်။
၂၀၀၇ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၌ သမိုင်းသုတေသနဦးစီးဌာန ပေါ်ပေါက်လာပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရာ၌ လွယ်ကူစေရန် ၂၀၁၃ ခုနှစ်တွင် အမျိုးသားစာကြည့်တိုက်နှင့် ပူးပေါင်း၍ သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနဟု ပြန်လည်ဖွဲ့စည်းပြီး မြန်မာ့သမိုင်းအထောက်အထားများကို ဖော်ထုတ်ခြင်းများ နှင့် အမျိုးသားစာကြည့်တိုက်(နေပြည် တော်၊ ရန်ကုန်) တို့ကလည်း ပြည်သူလူထုဗဟုသုတရရှိ စေရန်နှင့် ပညာရှာဖွေသူများအတွက် မားမားမတ်မတ် ရပ်တည်ပေးလျက်ရှိပြီး ရှေးဟောင်းပေစာ၊ ပုရပိုက်စာများ ကို ထိန်းသိမ်းခြင်းနှင့် အဆိုပါရှေးဟောင်းစာပေများမှ ဒြပ်ရှိ ၊ ဒြပ်မဲ့ဆိုင်ရာ ယဉ်ကျေးမှုများကို ဖော်ထုတ်လျက် ရှိပါသည်။
၂၀၁၆ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သာသနာ ရေးဝန်ကြီးဌာနတို့အား ပေါင်းစည်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဟူ၍ ပေါ်ပေါက်လာပြီး သာသနာရေးလုပ်ငန်းများနှင့် ယဉ်ကျေးမှုလုပ်ငန်းများဆိုင်ရာ များကိုလည်း ပြည်သူလူထုနှင့်ပူးပေါင်း၍ ဆက်လက်အကောင် ထည်ဖော်ဆောင်လျက်ရှိပါသည်။
မြန်မာနိုင်ငံအတွင်း ပဋိညာဉ်စာချုပ်နှင့်အညီ ဆောင်ရွက်ချက်များ
ပဋိညာဉ်စာချုပ်ပါ အခန်း ၁ ရှိ စာချုပ်၏ ရည်ရွယ်ချက်နှင့်အညီ မြန်မာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမို သိသာထင်ရှားစေရန် ယူနက်စကိုမှ သတ်မှတ်ထားသည့် အောက်ဖော်ပြပါ နယ်ပယ် ၅- ခု အတိုင်း သတ်မှတ် ဆောင်ရွက်လျက်ရှိပါသည်-
(က) ဘာသာစကား၊ နှုတ်ပြောအစဉ်အလာများနှင့် ဖော်ပြချက်များ (ဥပမာ-ကယန်းတိုင်းရင်းသားတို့၏ ခွန်းလှသန်းနှင့် မူအင်းသာပုံပြင်၊ ရိုးရာ စကားပုံ၊ စကားထာများ)၊
(ခ) ဖျော်ဖြေတင်ဆက်မှုအနုပညာများ (ဥပမာ-ခေါမ်ဘော့ထွက်အက (ရွှံ့လူးအက)၊ ကျေးလက် အက)၊
(ဂ) လူမှုထုံးတမ်းအစဉ်အလာများ၊ ပွဲလမ်းသဘင် များ(ဘုရားပွဲတော်၊ မနောပွဲ) ၊
(ဃ) သဘာဝနှင့် လူသားအားလုံးအတွက် သက်ဆိုင် သည့် အသိပညာနှင့် ထုံးစံများ (ရှီးပတီးပိုးကောင် တိုင်းရင်းဆေး၊ အိမ်ဝန်းအတွင်း မစိုက်သင့်သော အပင်များနှင့် သက်ဆိုင်သောအယူအဆများ)၊
(င) ရိုးရာလက်မှုပညာ (ဂျပ်ခုတ်ရက်ကန်း၊ ကောက်ရိုးပန်းချီ)။
ပဋိညာဉ်စာချုပ်ပါ အခန်း ၂ ရှိ စာချုပ်၏ အင်္ဂါရပ်များအတိုင်း ယူနက်စကိုက အထွေထွေညီလာခံကို ပုံမှန်အား ဖြင့် နှစ်နှစ်လျှင် တစ်ကြိမ်ကျင်းပပါသည်။ ထို့အပြင် ကျင်းပ ရန် လိုအပ်သည်ဟု ဆုံးဖြတ်လျှင်ဖြစ်စေ၊ တောင်းဆိုမှုရှိလျှင် ဖြစ်စေ၊ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာ အစိုးရများဆိုင်ရာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီ (သို့မဟုတ်) စာချုပ်ဝင်နိုင်ငံ များ အစုအဖွဲ့၏ အနည်းဆုံးသုံးပုံတစ်ပုံက တောင်းဆိုမှု ပြုလုပ်လာလျှင် အရေးပေါ်အစည်းအဝေးကိုလည်း ကျင်းပကြပါသည်။ အဆိုပါ အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ကြပါသည်။
ပဋိညာဉ်စာချုပ်ပါ အခန်း (၃) ရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ အရ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို နယ်ပယ်များသတ်မှတ်၍ စာရင်းတင်သွင်းခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။
ထိုသို့စာရင်းတင်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် သင့်လျော်သည့် စာရင်းကောက်ယူမှုပုံစံရှိရန် လိုအပ် ပါသည်။ သို့ဖြစ်ပါ၍ ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေး မှု ဝန်ကြီးဌာနသည် ဒြပ်ရှိ၊ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် စပ်လျဉ်းပြီး ယူနက်စကိုမှ ချမှတ်ထားသည့် စံနှုန်းများနှင့် စာရင်းကောက်ယူမှုပုံစံများကို အများ ပြည်သူများနှင့် လုပ်ငန်းများ ဆောင်ရွက်နေသူများ နားလည်စေရန် ရည်ရွယ်၍ ယူနက်စကို၏ မြန်မာဘာသာပြန်ဆိုမှုကို အခြေခံကာ စာရေးသူက ဆီလျော်စွာ ဘာသာပြန်ဆိုပြီး ဌာနအကြီးအကဲများက စိစစ်၍ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များဆိုင်ရာ လက်စွဲစာအုပ် ၃အုပ် (ဝါ၊ စိမ်း၊ နီ) ကို ၂၀၁၆ ခုနှစ်တွင် ထုတ်ဝေနိုင်ခဲ့ပါသည်။
ဆက်လက်၍ ယူနက်စကို၏ လမ်းညွှန်ထားသည့် စာရင်းကောက်ယူမှုပုံစံကို အခြေခံပြီး မြန်မာနိုင်ငံနှင့် သင့်လျော်သော စာရင်းကောက်ယူမှုပုံစံများ ရေးဆွဲရန် ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ ယူနက်စကိုရုံးခွဲ၊ နှီးနွှယ်ဝန်ကြီး ဌာနများ၊ ပြင်ပအဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုအဖွဲ့များနှင့် နိုင်ငံတစ်ဝန်းလုံးမှ စိတ်ဝင်စားသူများတို့ ဖိတ်ခေါ်၍ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ၁၇.၃.၂၀၁၆ ရက်နေ့ မှ ၁၈.၃.၂၀၁၆ ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းကောက်ယူမှုပုံစံကို အများသဘောတူညီမှုနှင့်အတူ ရေးဆွဲနိုင်ခြင်း၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းမှုအား ပိုမိုသိရှိ နားလည်၍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထုပါဝင်လာခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာ အသိပညာပြန့်ပွားစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။
အဆိုပါ စာရင်းကောက်ယူမှုပုံစံကို အသုံးပြု၍ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတို့၌ စာရင်း ကောက်ယူကြရာ ယနေ့အခါတွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း စုစုပေါင်း ၂၂၁၈ ခု ကောက်ယူပြီး ဖြစ်ပါသည်။ နယ်ပယ် ငါးခုအလိုက် အောက်ပါအတိုင်း ဖြစ်ပါသည်-
စဉ် နယ်ပယ် အရေအတွက်
၁။ ဘာသာစကား၊နှုတ်ပြော ၁၀၄ ခု
အစဉ်အလာများနှင့်
ဖော်ပြချက်များ စာရင်း
၂။ ဖျော်ဖြေတင်ဆက်မှု ၅၀၆ ခု
အနုပညာများစာရင်း
၃။ လူမှုထုံးတမ်း အစဉ်အလာများ၊ ၆၅၁ ခု
ပွဲလမ်းသဘင်များစာရင်း
၄။ သဘာဝနှင့်လူသားအားလုံး ၁၉၉ ခု
အတွက်သက်ဆိုင်သည့်
အသိပညာနှင့် ထုံးစံများစာရင်း
၅။ ရိုးရာလက်မှုပညာစာရင်း ၈၂၉ ခု
စုစုပေါင်း ၂၂၈၉ ခု
(မြန်မာဒြပ်မဲ့ယဉ်ကျေးမှု အတွင်းရေးမှူးအဖွဲ့မှရရှိသည့် စာရင်း)
ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် လုပ်ဆောင်ချက်များ
မြန်မာနိုင်ငံအတွင်းရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် တိုးမြှင့် အောင်လုပ်ဆောင်ခြင်းများ ပြီးမြောက်စေရန် အောက်ပါအတိုင်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်-
(က) ကော်မတီများ ဖွဲ့စည်းခြင်း၊
(ခ) မူဝါဒများ ချမှတ်ခြင်း။
ကော်မတီဖွဲ့စည်းခြင်း
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို မြန်မာနိုင်ငံ၌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိပါသည်။ ဝန်ကြီးဌာနမှ မြန်မာနိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် တိုးတက်မြှင့်တင်ရေးကော်မတီကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှဦးစီး၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သမိုင်းအဖွဲ့၊ မြန်မာစာအဖွဲ့တို့ဖြင့် ပထမအကြိမ် ဖွဲ့စည်းခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် တိုးတက်မြှင့်တင်ရေးကော်မတီကို ၂၀၁၉ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဖြည့်စွက်၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါ သည်။
အဆိုပါ မြန်မာနိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တိုးတက်မြှင့်တင်ရေးကော်မတီက ပထမအကြိမ် အစည်း အဝေးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် လည်း ကောင်း၊ ဒုတိယအကြိမ် အစည်းအဝေး ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် လည်းကောင်း၊ တတိယအကြိမ် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တိုးတက်မြှင့်တင်ရေးကော်မတီ အစည်းအဝေးများ ကျင်းပခြင်းဖြင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး အတွက် လူထုအခြေပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းများကို ညှိနှိုင်းရေးဆွဲနိုင်ခဲ့ပါသည်။ ထို့အပြင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအတွက် ဥပဒေရေးဆွဲခြင်းများလည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။
ပညာရေး၊ အသိအမြင်မြှင့်တင်ရေးနှင့် စွမ်းရည်တိုးမြှင့်ရေးတို့တွင် လူ့အဖွဲ့အစည်းများ၊ အုပ်စုများနှင့် လူ့ပုဂ္ဂိုလ် တစ်ဦးချင်းစီတို့ ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံရှိ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ သင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ဦးစီး၍ သင်တန်းပို့ချပေး လျက်ရှိပါသည်။ ထိုသို့သင်တန်းများပို့ချပေးခြင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ရပ်ရွာအသိုက်အဝန်း များက အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ပြုစုခြင်းများတွင် တက်တက်ကြွကြွဖြင့် ပူးပေါင်းပါဝင်၍ လက်တွေ့ကျကျ ကောက်ယူနိုင်ခဲ့ကြပါသည်။
ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည့် ဒြပ်မဲ့ယဉ်ကျေးမှု
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာအတိုင်းအတာဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရာ၌ စာချုပ်ပါအခန်း ၄ ရှိ အပိုဒ် ၁၆ ၊ ၁၇၊ ၁၈ တို့နှင့်အညီ ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုစာရင်း၊ အဆောတလျင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းနှင့် စာချုပ်၏ ရည်ရွယ်ချက်များနှင့် စည်းမျဉ်း၊ စည်းကမ်းများကို အကောင်းဆုံးထင်ဟပ်စေ သည့်လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံများ စာရင်း ဟူ၍ သတ်မှတ်၍ဆောင်ရွက်ကြပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး၍ ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု စာရင်းတစ်ခု ဖြစ်သည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ထုံးစံအား UNESCO သို့ အသိအမှတ်ပြု စာရင်းတင်သွင်းရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အမျိုးသားပြတိုက် (နေပြည်တော်)၌ ကျင်းပ ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ပညာရေးဝန်ကြီးဌာနရှိ အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်များမှမြန်မာစာဌာနနှင့် သမိုင်းဌာနတို့မှ ဆရာ၊ ဆရာမများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ပညာရှင်များ၊ မြန်မာနိုင်ငံ သနပ်ခါးအသင်းနှင့် မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲမှ မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့ ထုံးစံအား ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုစာရင်း၌ တင်သွင်း နိုင်ရန် လိုအပ်သည့် အချက်အလက်များစွာကို စုဆောင်း ရရှိခဲ့ပါသည်။ သို့ဖြစ်ပါ၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ အား UNESCO အသိအမှတ်ပြု Representative List of the Intangible Cultural Heritage of Humanity သို့အမည် စာရင်းတင်သွင်းရန် UNESCO ၏ သတ်မှတ် ချက်အတိုင်း Living Heritage Entity, Culture Sector သို့ ၂၀၂၀ ပြည့်နှစ် မတ်လ ၃၀ ရက်နေ့တွင် ပေးပို့နိုင်ခဲ့ပြီး ဖြစ်ပါသည်။
ဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ
စာချုပ်ပါ အခန်း ၅ ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံတကာအထောက်အပံ့များပေး ခြင်းတို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၌ နော်ဝေနိုင်ငံအစိုးရ၏ ကူညီထောက်ပံ့မှုဖြင့် ယူနက်စကိုအဖွဲ့မှဦးစီး၍ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ဆက်စပ်လုပ်ကိုင် ဆောင်ရွက်နေ သော သူများအား စွမ်းရည်မြင့်မားစေရန် ဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို နေပြည်တော်၌ ၂၅.၁၁.၂၀၁၃ ရက်နေ့မှ ၂၆.၁၁.၂၀၁၃ ရက်နေ့အထိ လည်းကောင်း၊ မန္တလေးမြို့၌ ၁၉.၅.၂၀၁၄ ရက်နေ့မှ ၂၄.၅.၂၀၁၄ ရက်နေ့အထိ လည်းကောင်း၊ ရှမ်းပြည်နယ် အင်းလေးဒေသ၌ ၂၇.၁၀.၂၀၁၄ ရက်နေ့မှ ၃.၁၁.၂၀၁၄ ရက်နေ့အထိ လည်းကောင်း၊ တောင်ကြီးမြို့တွင် ၁၄.၉.၂၀၁၅ ရက်နေ့မှ ၁၉.၉.၂၀၁၅ ရက်နေ့အထိ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများကြောင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒြပ်မဲ့ယဉ်ကျေးမှုကို ထိန်းသိမ်းနေသူတို့က ဒြပ်မဲ့ယဉ်ကျေးမှု လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်နိုင်ရေးအတွက် များစွာအထောက်အကူရရှိပါသည်။
ပဋိညာဉ်စာချုပ်၏ နောက်ဆုံးအခန်းကဏ္ဍဖြစ်သည့် အခန်း ၆ ပါ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ရန်ပုံငွေထည့် ဝင်မှုနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများမှ ရန်ပုံငွေအား စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်ကုန်(Gross Dome- stic Product - GDP) နှင့် လူဦးရေအချိုးဖြင့် တစ်နှစ်တစ်ကြိမ် ထည့်ဝင်ရပါသည်။ ပို၍ထည့်ဝင်လိုပါကလည်း ထည့်ဝင် နိုင်ပါသည်။ မြန်မာနိုင်ငံမှ ဒြပ်မဲ့အမွေအနှစ်ဆိုင်ရာ နှစ်စဉ်ဝင်ကြေး အမေရိကန်ဒေါ်လာ ၃၀၀ ဝန်းကျင် ထည့်ဝင်ရပါသည်။
ဤသို့ဖြင့် နိုင်ငံတော်အစိုးရက ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ပဋိညာဉ်စာချုပ်ရှိ အခန်းကဏ္ဍများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုကလည်း မိမိယဉ်ကျေးမှုကို မိမိတို့ ချစ်မြတ်နိုးစွာထိန်းသိမ်းခြင်းဖြင့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ရှင်သန်နေခြင်းပင် ဖြစ်ပါသည်။ သို့ပါသောကြောင့် မြန်မာ့ယဉ်ကျေးမှုကို ဆက်လက်ရှင် သန်နိုင်ရေးအတွက် အစိုးရနှင့် ပြည်သူလက်တွဲ၍ နိုင်ငံတကာနှင့် ရင်ပေါင်တန်း၍ လျှောက်လှမ်းကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။


