၂၀ နိုဝင်ဘာ

ဆီးရီးယားနိုင်ငံ၏မြို့တော် ဒမားစကပ်သို့ကျရောက်လာသော ပြင်ပဒုံးကျည်များကို ဆီးရီးယားလေကြောင်း ကာကွယ်ရေးတပ်က ယနေ့ တုံ့ပြန်ခဲ့သည်ဟု မီဒီယာက ဖော်ပြသည်။

ထိုဒုံးကျည်များကို ဆီးရီးယားလေကြောင်းကာကွယ်ရေးက ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။

ယနေ့မနက်အစောပိုင်းက ယင်းမြို့တော်တစ်ဝှမ်းတွင် ပေါက်ကွဲသံများတုန်ဟည်းနေကြောင်း ဖော်ပြထားသည်။

အဆိုပါ လေကြောင်းကာကွယ်ရေးတပ်က ထိုဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး ပစ်မှတ်များသို့ မရောက်မီ အများစုကို ဖျက်စီးနိုင်ခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

မြို့တော် ဒမားစကပ် အနောက်တောင်ပိုင်းဒေသများကို အစ္စရေးလေကြောင်းတပ်များက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများက ယမန်နေ့အစောပိုင်းက ပြောကြားခဲ့သည်။

ထိုပေါက်ကွဲသံများသည် ဒမားစကပ် အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးတွင် ဖြစ်ပွားခဲ့သည်ဟု ဆီးရီးယားမီဒီယာများက ဖော်ပြခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို