နေပြည်တော် ၁၅ မတ်
ဒုတိယအကြိမ် ဂျပန်-မြန်မာ ပတ်ဝန်းကျင်ရေးရာမူဝါဒဆိုင်ရာ ဆွေးနွေးပွဲတက် ရောက်ရန် အတွက်ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ရောက်ရှိနေသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့သည် မတ် ၁၁ ရက် ညနေပိုင်းတွင် ဂျပန်နိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန (Ministry of Environment) မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။
အဆိုပါ ညစာစားပွဲတွင် ဂျပန်နိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန State Minister , Mr. Minoru Kiuchi နှင့် တွေ့ဆုံ၍ ပြန်လည်သန့်စင်နိုင်မည့် နည်းလမ်းများ ဖြန့်ဝေရေး၊ ဒီရေတောများ ပြန်လည်ထူထောင်ရေး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် သစ်တောစိုက်ခင်းများ ထူထောင်ခြင်း နှင့် ရေရရှိရေးဆောင်ရွက်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ဒေသခံများ၏ လူမှုစီးပွားရေးကို ထိခိုက်မှုမရှိစေဘဲ ရွှေ့ပြောင်း တောင်ယာအစားထိုး စိုက်ပျိုးနည်း ပညာတို့နှင့်စပ်လျဉ်း ၍ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ကူညီပေးနိုင်မည့် အစီအစဉ်များအား အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ် ၁၂ ရက် နံနက်ပိုင်းတွင် အီဒိုဂါဝါရှိ စွန့်ပစ်အမှိုက်များ မီးရှို့ဖျက်ဆီးသည့် စက်ရုံသို့ သွားရောက်လေ့လာခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် တိုကျိုမြို့၊ အင်ပီရီရယ်ဟိုတယ် (Imperial Hotel) တွင်ကျင်းပသည့် ဒုတိယအကြိမ် ဂျပန်-မြန်မာ ပတ်ဝန်းကျင်ရေးရာ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး H.E. Mr. Yoshiaki Harada နှင့် သံယဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတို့က အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ပြီး ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန မှ State Minister, Mr. Minoru Kiuchi နှင့် Mr. Tsukasa Akimoto၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များတက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဂျပန်-မြန်မာ ဒုတိယအကြိမ် ပတ်ဝန်းကျင်ရေးရာ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွင် ပင်လယ်ပြင်ရှိစွန့်ပစ်ပလတ်စတစ်အမှိုက် (Marine Debris)များကိစ္စ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းစဉ် (Environmental Impact Assessment Procedures) များတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များ (JCM)၊ စွန့်ပစ်အမှိုက်စီမံ ခန့်ခွဲမှုနှင့် ရေဆိုးသန့်စင်သည့် ဂျိုကဆိုး(Johkasou) နည်းပညာဆိုင်ရာ အကြောင်းအရာများနှင့်စပ်လျဉ်း ၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


