နေပြည်တော် ၁၄ မတ်

ဒုတိယအကြိမ် ကျောက်စိမ်းထိပ်သီး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်မက်စ်၌ ကျင်းပသည်။

ကျောက်စိမ်းထိပ်သီးဆွေးနွေးပွဲကို အဖိုးတန်သယံဇာတပစ္စည်းများကို ပြည်သူ အများစု အကျိုးဖြစ်ထွန်းစေမည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးအသိုက်အဝန်း တည်ဆောက်ရန်၊ ကျောက်စိမ်းအချောထည်နှင့် လက်ဝတ်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းဈေးကွက် ခိုင်မာတောင့်တင်းရန်နှင့် ပြည်ပသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ကျောက်စိမ်းအချောထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်း တိုးတက်အောင် ဆောင်ရွက်ရန်၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင် စွမ်းရှိသော ဈေးကွက်ပေါ်ထွန်းရန်နှင့် နိုင်ငံခြားငွေတိုးတက်ရရှိနိုင်ပြီး နိုင်ငံအတွင်း၌ ကြုံတွေ့နေရသော ကုန်သွယ်ရေးလိုငွေပြမှုကို လျော့ချပေးရန်၊ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာသော e - Commerce နှင့်အတူ နိုင်ငံတကာဈေးကွက်သို့ အချိန်တိုအတွင်း ထိရောက်စွာ ထိုးဖောက်နိုင်သည့် စနစ်ကျသော Online Marketing စနစ် ပြည်တွင်း၌ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာနှင့် အချိန်တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်လုပ်ကိုင်ရန် ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အမှာစကားပြောကြားပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးလမိုင်ခွန်ဆာနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guangdong Institute of Diamond, Jade & Jewelry ဥက္ကဋ္ဌ Mr.Ouyang Yongjun တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ထို့နောက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် Guangdong Institute of Diamond, Jade & Jewelry မှ ကိုယ်စားလှယ်များက ကျောက်စိမ်း၊ ကျောက်မျက်အချောထည်နှင့် လက်ဝတ်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။

ယင်းနောက် တရုတ်- မြန်မာ ကျောက်စိမ်း၊ ကျောက်မျက် အချောထည်နှင့် လက်ဝတ်ရတနာများကို အီလက်ထရောနစ် နည်းပညာအရောင်းဈေးကွက်သို့ ပြောင်းလဲခြင်း၊ မြန်မာနိုင်ငံ၏ ကျောက်စိမ်း၊ ကျောက်မျက် အရင်းအမြစ်များ၏ ပြောင်းလဲမှုများ သုံးသပ်တင်ပြခြင်း၊ ကျောက်စိမ်းကျောက်မျက်အချောထည်နှင့် လက်ဝတ်ရတနာများ၏ အနုပညာလက်ရာမြောက် ဆန်းသစ်တီထွင်မှုဒီဇိုင်းများဖြင့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ လေ့လာသုံးသပ်ခြင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်နေသည့် ကျောက်စိမ်း၊ ကျောက်မျက် အချောထည်နှင့် လက်ဝတ်ရတနာများ ရင်းနှီးမြှပ်နှံခြင်းများကို လေ့လာသုံးသပ်ခြင်း၊ ကျောက်စိမ်း၊ ကျောက်မျက်အချောထည်နှင့် လက်ဝတ်ရတနာများ တရုတ် - မြန်မာ နယ်စပ်မှ တင်ပို့တင်သွင်းခွင့်ရရှိရေးများအပေါ် အခွန်ကောက်ခံရေးမူဝါဒများ နှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ခြင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။

(သတင်းစဉ်)

 

mdn