မကွေး ၁၆ မတ်

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်တီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် မကွေးမြို့မြို့တော်ခန်းမ၌ ကျင်းပသည့် မကွေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေများအနက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည်စွန့်လွှတ်ပေးအပ်ခြင်းနှင့် မူလပိုင်ရှင် တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၃) များ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

 

mdn

 

အဆိုပါအခမ်အနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ပြန်လည်စွန့်လွှတ်သည့် မြေများကို လက်ခံရယူမည့် တောင်သူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

mdn

 

အခမ်းအနားတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမှာစကား ပြောကြားရာ၌ ယနေ့အခမ်းအနားတွင် ပခုက္ကူမြို့နယ်အတွင်း စက်မှုဝန်ကြီးဌာန အမှတ် (၅) အထည်စက်ရုံ၊ ဆိပ်ဖြူမြို့နယ်အတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း၊ မကွေးမြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၅၀၁၃) တင့်ကားတပ်ရင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၊ ချောက်မြို့နယ်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဆာလ်ဖျူရစ်အက်စစ်နှင့် ကျောက်ချဉ်စက်ရုံ၊ တောင်တွင်းကြီးမြို့နယ်အတွင်း စက်မှုဝန်ကြီးဌာန မြင်းနှင့် သိုးမွေးမြူရေးဌာန (ရန်ပယ်)၊ မင်းလှမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနတို့မှ ပြန်လည်အပ်နှံသည့် မြေဧရိယာ (၈၇၇ ဒသမ ၄၉) ဧကအနက် လယ်ယာမြေ (၃၀၈.ဝ၇) ဧက၊ ဦးပိုင် (၁၂၉) ခုအား တောင်သူ (၁၀၈) ဦးလက်ဝယ်သို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃) လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပြီး အခြားမြေ (၅၆၉ ဒသမ ၄၂) ဧကကို အစိုးရ စီမံခန့်ခွဲပိုင်ခွင့် မြေဧရိယာအဖြစ် ပြန်လည်အပ်နှံသွားမည် ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံကဲ့သို့ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံတွင် လယ်ယာမြေသည် လယ်သမားများအတွက် အသက်သွေးကြောပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လယ်သမားများအတွက် အသက်တမျှ အရေးကြီးလှသည့် လယ်ယာမြေများ ပြန်လည်ရရှိရန် မိမိတို့အစိုးရအနေဖြင့် ဦးစားပေး အထူးတာဝန် တစ်ရပ်အနေဖြင့် သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။

အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းမြေယာများထဲက အသုံးမပြုတော့သည့် မြေယာများကို ပြန်လည်စွန့်လွှတ်ရာမှ မူလပိုင်ရှင်များထံ မြန်မြန်ရောက်ပြီး စောစောအကျိုးခံစားနိုင်ရန် စိုက်ပျိုးရာသီအမီ အမြန်လွှဲပြောင်းပေးအပ်နိုင်ရန်အတွက် မိမိတို့ အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိပြီး ရေရှည်ဖွံ့ဖြိုးမှုဖြစ်စေမည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ကာ စနစ်တကျ စိစစ်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း။

မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၅-၂-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၁၉) ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်လည်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်ကို ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ လယ်ယာမြေဆိုင်ရာ လူမှုအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များကိုပါ ထည့်သွင်းဖွဲ့စည်းပြီး မူဝါဒ၊ လုပ်ငန်းစဉ် (၅၂) ရပ်နှင့်အညီ စိစစ်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။    

သိမ်းဆည်းခံလယ်ယာမြေ ပြဿနာများသည် ရိုးရိုးသားသားနှင့် တရားဥပဒေကို အမှန်တကယ် နားမလည်သဖြင့် မှန်ကန်မှုမရှိသည့်ဖြစ်ရပ်များ ရှိနိုင်သကဲ့သို့ မရိုးမသား မမှန်မကန် ပြုလုပ်နေသည်များလည်း ရှိနိုင်ပါကြောင်း၊ ထို့ကြောင့် ကော်မတီ အဆင့်ဆင့်အနေဖြင့် သိမ်းဆည်းခံလယ်ယာမြေပြဿနာများကို တရားဥပဒေဘောငအတွင်းက တရားမျှတခြင်းရရှိအောင် စေတနာ၊ ဂရုဏာဖြင့် ကူညီပေးလိုသည့် မေတ္တာစိတ်ရင်းအခံနှင့် နည်းလမ်းတကျ ရဲရဲတင်းတင်း ကိုင်တွယ် ဖြေရှင်းဆုံးဖြတ်ဆောင်ရွက်ကြရန် အမှန်တကယ် လိုအပ်ပါကြောင်း။

မြေယာကိစ္စသည် စာရွက်စာတမ်း၊ ပိုင်ဆိုင်မှုနှင့် ဥပဒေကြောင်းအရ ညီညွှတ်မှု ရှိ/မရှိ စိစစ်ရသကဲ့သို့ မှတ်တမ်းမှတ်ရာ မပြည့်စုံမှုများကြောင့် လက်တွေ့ကိုင်တွယ် ဖြေရှင်းရာတွင်လည်း အချိန်ယူရပါကြောင်း၊ အမှားအယွင်း မရှိစေရေး၊ နစ်နာဆုံးရှုံးမှု မဖြစ်စေရေးနှင့် တိကျသေချာရန်လည်း  လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားထားသည့်အတိုင်း ဂရုဏာနှင့်ယှဉ်ပြီး တရားမျှတမှုရရှိအောင် အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ထိုသို့ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် လယ်မဲ့၊ ယာမဲ့နှင့် အလုပ်အကိုင် အခွင့်အလမ်းမရှိသဖြင့် ကျေးလက်ဒေသကို စွန့်ခွာသွားမှုများ၊ မြို့ကြီးပြကြီးများသို့ မိသားစုလိုက် ရွှေ့ပြောင်းကျူးကျော်နေထိုင်မှုများ၊ ပြည်ပနိုင်ငံများသို့ ဆင်းရဲဒုက္ခခံပြီး နည်းလမ်းမျိုးစုံနဲ့ သွားရောက်လုပ်ကိုင်နေမှုများ၊ မြန်မာပြည်မှ ခေတ်ပညာတတ်လုပ်ငန်း ကျွမ်းကျင်မှုရှိသော လူ့စွမ်းအား အရင်းအမြစ်များ ပြည်ပသို့ ထွက်ခွာ ဆုံးရှုံးနေမှုများလည်း တဖြည်းဖြည်း လျော့ကျလာမည် ဖြစ်ပါကြောင်း။

ယနေ့ ပြန်လည်လုပ်ကိုင်ခွင့်ရရှိကြသည့် တောင်သူများအနေဖြင့် နိုင်ငံတော် အစိုးရ၏ အလေးထား ဆောင်ရွက်နေမှုကို သိရှိပြီး မိမိတို့မိသားစု လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ရိုးသားကြိုးစားစွာ လုပ်ကိုင်ကြရန်နှင့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းပြီး မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကာ အရည်အသွေး အဆင့်အတန်းမြင့်မားပြီး အထွက်နှုန်း တိုးတက်မြင့်မားအောင် ဆောင်ရွက်ကြရန်လိုအပ်သည့်အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကျရာ အခန်းကဏ္ဍကလည်း ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုပါကြောင်း။

 

mdn

 

မကွေးတိုင်းဒေသကြီးအတွင်း ဒုတိယအကြိမ်မြောက် ပြန်လည်စွန့်လွှတ် အပ်နှံမြေများကို သက်ဆိုင်ရာ တောင်သူများထံသို့ ပြန်လည်ပေးအပ်ပွဲ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြသော မြေစွန့်လွှတ်သည့် ဌာနများဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ တောင်သူများလက်ဝယ် ပြန်လည်ပေးအပ်နိုင်ရေး ကြိုးပမ်းခဲ့ကြသည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများကို နိုင်ငံတော်ကိုယ်စား၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကိုယ်စား ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်းနှင့် တောင်သူများအနေဖြင့် ရရှိလာသည့် မြေများကို စိုက်ပျိုးလုပ်ကိုင်ရာတွင် မိမိတို့ တစ်ကိုယ်ရေ တစ်မိသားစု ဝမ်းစာဖူလုံရေးမှတစ်ဆင့် နိုင်ငံစီးပွားတိုးတက်မှုကို အထောက်အကူပြုနိုင်သည့် ကုန်ထုတ်လယ်ယာမြေများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

 

mdn

 

ဆက်လက်၍ မကွေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တိုင်းဒေသကြီးအတွင်း စွန့်လွှတ်မြေများအား ပြန်လည်ပေးအပ်နိုင်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မကွေးတပ်နယ်မှ ကိုယ်စားလှယ်တစ်ဦး၊ စက်မှုဝန်ကြီးဌာန မြင်းနှင့်သိုး မွေးမြူရေးဌာန (ရန်ပယ်) တာဝန်ခံ ဦးဇော်ဇော်နိုင်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန စလေဓာတ်မြေသြဇာစက်ရုံ ဒုတိယစက်ရုံမှူး ဦးသက်မင်းထွန်းတို့က ပြန်လည်စွန့်လွှတ် မြေများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ထံ လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးခင်မောင်ဝင်းက ပြန်လည်စွန့်လွှတ်မြေများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နှင့် သရက်ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေလင်းတို့ထံလည်းကောင်း၊ စက်မှုဝန်ကြီးဌာန အမှတ် (၅) အထည်စက်ရုံ (ပခုက္ကူ) လက်ထောက်စက်ရုံမှူး ဦးမျိုးခိုင်အောင်နှင့် မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ ဦးသိန်းဦးတို့က ပြန်လည်စွန့်လွှတ်မြေများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပခုက္ကူခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်ထံလည်းကောင်း လွှဲပြောင်းပေးအပ်ကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မကွေးမြို့ မကြီးကန်ကျေးရွာအုပ်စုအတွင်းရှိ မူလတောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ် တစ်ဦးထံလည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က မကွေးမြို့ မယ်လှတောင်ကျေးရွာအုပ်စုအတွင်းရှိ မူလတောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ် တစ်ဦးထံလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဆိပ်ဖြူမြို့နယ် ကန်ဇွန်းမ ကျေးရွာအုပ်စုအတွင်းရှိ မူလတောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ် တစ်ဦးထံလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပခုက္ကူမြို့နယ် ကျွဲတဲ ကျေးရွာအုပ်စုအတွင်းရှိ မူလတောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ်တစ်ဦး ထံလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက ချောက်မြို့နယ် ဓာတ်မြေကျေးရွာအုပ်စုအတွင်းရှိ မူလတောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ် တစ်ဦးထံလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က တောင်တွင်းကြီးမြို့နယ် ညာတောကျေးရွာအုပ်စုအတွင်းရှိ မူလတောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ် တစ်ဦးထံလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ အုပ်စုအတွင်းရှိ မူလတောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ် တစ်ဦးထံလည်းကောင်း ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) များပေးအပ်ကြသည်။

ယင်းနောက် ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)များ လက်ခံရရှိကြသည့် တောင်သူများကိုယ်စား ဒေါ်လဲ့လဲ့နိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

(သတင်းစဉ်)