နေပြည်တော် ၂၈  ဖေဖော်ဝါရီ

မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကိုယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟို အဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူတက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးကျော်တင့်ဆွေ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊  ဦးသိန်းဆွေ၊ ဦးခင်မောင်ချို၊  ဒေါက်တာသန်းမြင့် နှင့် ဦးဟန်ဇော်၊  ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များဖြစ်ကြသည့်ဒေါက်တာလဲ့လဲ့မော် နှင့် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူး နှင့် ဦးဆက်အောင်၊ သီလဝါ ထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် နှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အထူးစီးပွားရေးဇုန်များ၏အခန်းကဏ္ဍသည် အလွန်အရေးပါ ပါကြောင်း၊ အထူးစီးပွား ရေးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျှက်ရှိနေပါကြောင်း။

အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့်အထူးစီးပွားရေးဇုန်(၃)ဇုန် ရှိသည့်အနက် သီလဝါအထူးစီးပွားရေးဇုန်သည် အတော်အတန် ခရီးရောက်နေပြီ ဟုဆိုရမည် ဖြစ်ပါကြောင်း၊ ကုမ္ပဏီပေါင်း(၁၀၅)ခုအထိ ရင်းနှီးမြှုပ်နှံထားပြီး၊ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းသည် အမေရိကန်ဒေါ်လာ (၁ဒသမ၆) ဘီလီယံထိတိုးတက်လာသည်ကိုတွေ့ရပါကြောင်း၊ လက်ရှိလည်ပတ်နေသည့်စက်ရုံ(၆၅)ရုံထိရှိနေပြီဖြစ်ပါကြောင်း။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိုကြည့်မည်ဆိုလျှင် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် တင်ဒါအောင်မြင်ထားသည့် CITIC Group ကုမ္ပဏီနှင့် Framework Agreement ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက်ရှေ့ဆက်ဆောင်ရွက်ရမည့် Transaction Document များ၊ EIA ၊ SIA ၊ G.T survey ကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးနေသည်ဟု သိရပါကြောင်း၊ စီမံကိန်းလုပ်ငန်းများရပ်တန့် မသွားစေဘဲအချိန်နှင့်တပြေးညီ တိုးတက်မှုရရှိရေး စီမံဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်သည်ပထဝီနိုင်ငံရေးနှင့် ဆက်နွယ်မှုရှိသည့် အတွက် ညှိနှိုင်းမှုများဆောင်ရွက်ရာတွင် စေ့စပ်သေချာစွာဆောင်ရွက်ကြစေလိုပါကြောင်း။

ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ခဲ့မှုကို ကြည့်မည်ဆိုလျှင် တိုးတက်မှုနှေးကွေးအားနည်းနေသည်ကို တွေ့ရပါကြောင်း၊ တိုးတက်မှုအနေဖြင့် ထားဝယ်အထူး စီးပွားရေးဇုန်မှ ထီးခီးသို့ ဆက်သွယ်ထားသည့် ၂-လမ်းသွားကားလမ်း အဆင့်မြှင့်တင် ဖောက်လုပ်ခြင်းအားထိုင်းနိုင်ငံမှ NEDA နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ Terns  of Reference (TOR) မူကြမ်းညှိနှိုင်းနိုင်ခဲ့ပြီး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ တိုးတက်မှုနှေးကွေးနေသည့် အပိုင်းသည် ကနဦးစီမံကိန်းများရှေ့ဆက် နိုင်ရေးဖြစ်ပါကြောင်း၊ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ရာတွင် အစိုးရချင်းပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအပိုင်းများ ရှိသကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီ ITD နှင့် ညှိနှိုင်းဆောင်ရွက်ရသည့် အပိုင်းများလည်းရှိပါကြောင်း၊ စီမံခန့်ခွဲမှုကော်မတီ အနေဖြင့် ဥပဒေကြောင်းအရ ကြိုတင်လေ့လာ သုံးသပ်ထားမှုများနှင့် ဆက်လက်ဆောင်ရွက်သင့်သည့် အစီအမံများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးကြစေလိုပါကြောင်း။ ကနဦးစီမံကိန်းများ နှေးကွေးနေသည့် အတွက်မြန်မာ-ထိုင်း- ဂျပန် (၃)နိုင်ငံ ညှိနှိုင်းဆောင်ရွက်ရမည့် သဘောဖြစ်ပါကြောင်း၊ ထားဝယ်ဇုန်နှင့်ပတ်သက်၍ (Joint Coordination Committee - JCC) ညှိနှိုင်းအစည်းအဝေးခေါ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးစီးပွားရေးဇုန်များကို ထိရောက်သည့် တိုးတက်မှုများရရှိရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းများအတွက် ဖွဲ့စည်းထားသည့်( Special Purpose Vehicle – SPV ) အခန်းကဏ္ဍပိုမိုလှုပ်ရှားရှင်သန် တက်ကြွစွာဆောင်ရွက်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ကြစေလိုပါကြောင်း၊ ပင်မစီမံကိန်းစတင်နိုင်ရန် မည်သို့သောနည်းလမ်းများဖြင့် ဆောင်ရွက်သင့်သည်ကိုဆွေးနွေးကြစေလိုပါကြောင်း။

အထူးစီးပွားရေးဇုန်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါပြီး ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် အထူးစီးပွားရေးဇုန်များ ထိရောက်အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် စနစ်တကျသေချာစွာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုများ ယုံကြည်စိတ်ချစွာလာရောက်ရင်းနှီးမြှုပ်နှံရန်လိုပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် ဥပဒေနှင့်အညီဝန်ဆောင်မှုပေးရမည့်ကိစ္စရပ်များ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် လုပ်ထုံးလုပ်နည်းများကိုသက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာစံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်း များဖြင့်ကိုက်ညီသည့်အာမခံချက်များပေးနိုင်မှသာရင်းနှီးမြှုပ်နှံသူများဝင်ရောက်လာမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့တက်ရောက်လာကြသူများအနေဖြင့် နိုင်ငံတော်၏အကျိုးစီးပွားနှင့် ပြည်သူတို့၏ အကျိုးစီးပွားဖြစ်ထွန်းအောင်မြင်ရေးကိုရှေးရှု၍ ပွင့်လင်းမြင်သာစွာ ဆွေးနွေးပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက်ဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်ဆိုင်ရာများနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေး တင်ပြသည်။

ယင်းနောက် ဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်က အထူးစီးပွားရေးဇုန်များ၌ ဆောင်ရွက်လျှက်ရှိသည့် အခြေအနေများ၊ ဗဟိုအဖွဲ့မှ ဆုံးဖြတ်ရမည့်အချက်များ၊ မှတ်တမ်းတင်ရန်အချက်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီးဦးအောင်ထူးက မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၈)ဆုံး ဖြတ်ချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးတို့က သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်ဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို သက်ဆိုင်ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေနှင့်ဒေါက်တာသန်းမြင့်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ဦးဖြိုးမင်းသိန်းနှင့် ဒုတိယဝန်ကြီး ဦးဆက်အောင် တို့က သီလဝါ၊ ထားဝယ်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးကြသည်။

ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အထူးစီးပွားရေးဇုန်များကိုအကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ဘက်ပေါင်းစုံရှုထောင့်ပေါင်းစုံရှုမြင်သုံးသပ်၍ ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲအထူးစီးပွားရေးဇုန်များနှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဖက်မျှတသည့် အကျိုးရလဒ်များရရှိရန် ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အထူးစီးပွားရေးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ဖြစ်ရန်လိုအပ်ပြီး ပြုပြင်ပြောင်းလဲရန်လိုအပ်ပါက ပြုပြင်ပြောင်းလဲကြရမည်ဖြစ်ပါကြောင်း၊ အထူးစီးပွားရေးဇုန်များ၏ အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း။

ကြုံတွေ့နေရသည့်မြေယာဆိုင်ရာ တင်ပြမှုများနှင့် အခြားကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းညှိနှိုင်းဖြေရှင်းပေးကြရမည်ဖြစ်ပါကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်သည်စက်မှုဇုန်အားလုံးအတွက် စံပြပုံစံတစ်ခုဖြစ်သည့်အတွက် ကျင့်သုံးသည့်စနစ်များကို ကမ္ဘာ့အဆင့်မီ တိုးတက်စေရန် အမြဲတမ်းလေ့လာပြုပြင်ပြောင်းလဲ ဆောင်ရွက်ပေးကြပါဟုတိုက်တွန်းလိုပါကြောင်း၊ ထို့အတူတစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်းပါဝင် ညှိနှိုင်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။

ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်၍ ဆက်လက် ညှိနှိုင်းရမည့်ကိစ္စရပ်များ အချိန်နှင့်တပြေးညီ ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ အနေဖြင့် နိုင်ငံ၏အကျိုးစီးပွားဖြစ်ထွန်းရေးကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီညှိနှိုင်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ကျောက်ဖြူစီမံကိန်းသည် တရုတ်ပြည် သူ့သမ္မတနိုင်ငံ၏ One Belt One Road စီမံကိန်းနှင့်ဆက်စပ်နေသည့်အတွက် အချိန်ကိုက်လုပ်ဆောင်ရမည့်အပိုင်းများ ရှိလာနိုင်ပါကြောင်း။

ထားဝယ်ဇုန်နှင့်ပတ်သက်၍ (Joint Coordination Committee - JCC) အစည်းအဝေးရလဒ်များအပေါ်အခြေခံ၍ (Joint Higher Committee - JHC) အစည်းအဝေးကိုလိုအပ်ပါကညှိနှိုင်းကျင်းပနိုင်ရေးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ထားဝယ်- ထီးခီးနှစ်လမ်းသွားကားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို Time Frame ချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

စေ့စပ်ဆွေးနွေးမှုများ ဆောင်ရွက်ကြရာတွင် မူဝါဒရေးရာအရအဆုံးအဖြတ်ရယူရမည့် ကိစ္စရပ်များရှိပါက ဗဟိုအဖွဲ့အစည်းအဝေးကို စောင့်နေရန်မလိုဘဲ ဗဟိုအဖွဲ့ဥက္ကဋ္ဌထံ အချိန်နှင့်တပြေးညီတင်ပြလာပါက အဆုံးအဖြတ်များရရှိရန် တင်ပြဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း။

အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အထူးစီးပွားရေးဇုန်များကို အစိုးရ သက်တမ်းတစ်ခုကာလအတွင်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာစေပြီး ပြည်သူများ လက်တွေ့အကျိုးခံစားမှုများရရှိစေရေးနှင့် မျှော်လင့်ချက်များ ရှင်သန်လာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)

 

mdn