နေပြည်တော်    ၁၁   မတ် 


တရုတ်ဘာသာစကား HSK (level 1&2) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနခန်းမ၌ ကျင်းပသည်။
    

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးအောင်ထူးက ဝန်ကြီးဌာန၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏အကူအညီဖြင့် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံစီးပွားရေးအရ အပြန်အလှန်ဆက်ဆံရေး တိုးမြင့်လာချိန်တွင် တရုတ်ဘာသာ စကားပြောသင်တန်းကို ဖွင့်လှစ်ပေးခဲ့သဖြင့် ဝန်ကြီးဌာနရှိ နယ်စပ်ဒေသကုန်သွယ် ရေးစခန်းများတွင် သွားရောက် တာဝန်ထမ်းဆောင်နေရသော ဝန်ထမ်းများအနေဖြင့် နှစ်နိုင်ငံပြည်သူများနှင့် ဝန်ထမ်းအချင်းချင်း ထိတွေ့ဆက်ဆံရာတွင် လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ယဉ်ကျေးမှုတာဝန်ခံ ဦးယဉ်လှိုင်က အမှာစကား ပြောကြားပြီး သံရုံးအမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
    

ယင်းနောက် ဒုတိယဝန်ကြီးက တရုတ်ဘာသာသင်တန်းကျောင်း ကျောင်းအုပ် ဆရာမနှင့် သင်တန်းနည်းပြဆရာမတို့အား အမှတ်တရ လက်ဆောင်ပေးအပ်ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
    

အဆိုပါသင်တန်းကို သင်တန်းသား/ သင်တန်းသူ (၅၅) ဦးတက်ရောက် ကြပြီး သင်တန်းကာလမှာ (၆) လကြာမြင့်သည်။ 


(သတင်းစဉ်)

 

1