နေပြည်တော် ၂၁ ဖေဖော်ဝါရီ 

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ဥရောပကော်မရှင်၏ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Helena Konig ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. Kristian Schmidt နှင့် ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ 

 

တွေ့ဆုံစဉ် ဥရောပသမဂ္ဂမှ Everything But Arms (EBA) အစီအစဉ်အရ မြန်မာနိုင်ငံအား ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းများ ပေးအပ်ထားသည့်အတွက် ဥရောပသမဂ္ဂသို့ ပို့ကုန်များ ပိုမိုတင်ပို့လျက်ရှိပါကြောင်း၊ လက်ရှိရရှိထားသည့် Generalized System of Preferences (GSP) အကျိုးခံစားခွင့်အား ဆက်လက်ထိန်းသိမ်းပြီး ပို့ကုန်တိုးမြှင့်တင်ပို့ခြင်းနှင့် နိုင်ငံသားများအတွက် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်ခြင်း တို့မှတစ်ဆင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သွားနိုင်ရေး၊  မြန်မာနှင့် ဥရောပသမဂ္ဂအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ 

 

(သတင်းစဉ်)