ပုသိမ်  အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စိမ်းလဲ့ရေကြည်ခန်းမ၌    ၂၀၂၅   ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးတင်မောင်ဝင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်း ဖော်ပြချက် ကမ္ဘာပေါ်ရှိလူဦးရေ တစ်ဘီလီယံခန့်သည် အမြင်အာရုံထိခိုက်မှုများကို ခံစားနေကြရပြီး ၎င်းတို့အနက် အမြင်အာရုံထိခိုက်မှု၏   ၈၀    ရာခိုင်နှုန်းသည် ကာကွယ်ကုသ၍  ရနိုင်သည်ကို သိရှိရကြောင်း၊  မြန်မာနိုင်ငံတွင် မျက်စိမမြင်ခြင်းကို     ဖြစ်စေနိုင်သောရောဂါများမှာ အတွင်းတိမ်ရောဂါ၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ရေတိမ်ရောဂါနှင့် ဆီးချို၊ သွေးတိုး ရောဂါကြောင့် ဖြစ်သောရောဂါများဖြစ်ပြီး အတွင်းတိမ်ရောဂါမှာ မျက်စိကွယ်ခြင်းအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည်ကို တွေ့ရှိရကြောင်း၊ အတွင်းတိမ်ရောဂါ     လျော့နည်းကျဆင်းစေရေးအတွက် အတွင်းတိမ်ခွဲစိတ်ခြင်းကို ဆေးရုံများတွင်သာမက ကွင်းဆင်း၍ အတွင်းတိမ်ခွဲစိတ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ဆောင်ပုဒ်မှာ “အမြင်အာရုံကောင်းစေဖို့ အသိပညာမျှဝေလို့ မျက်စိကျန်းမာရေးအလေးပေးစို့” “Love  Your  Eyes”  ဖြစ်ကြောင်း၊  မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လူတိုင်းလက်လှမ်းမီစွာ ရရှိဆောင်ရွက်နိုင်စေရေးအတွက် ဝိုင်းဝန်းပံ့ပိုးပေးကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ကျန်းမာရေးဝန်ကြီးဌာန ၏ ဦးဆောင်လမ်းညွှန်မှု၊    ဧရာဝတီတိုင်းဒေသကြီး   အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့်  မျက်စိခွဲစိတ်ကုသမှုအစီအစဉ်အား ကြည့်ရှုအားပေးခဲ့ကြောင်း  သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)