ရန်ကုန်    စက်တင်ဘာ    ၁၄

FIFA-MFF ယူ-၁၆    လူငယ်ဖူဆယ်လိဂ်ပြိုင်ပွဲ  နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ် (၂၂) ကို စက်တင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ကျင်းပရာ Kyaung Sayar Thar Htwe အသင်း နိုင်ပွဲထပ်မံရယူပြီး ရှုံးပွဲမရှိစံချိန်ဖြင့် ဗိုလ်စွဲခဲ့သည်။

Kyaung Sayar Thar Htwe အသင်းသည် ပြိုင်ပွဲမပြီးဆုံးမီကတည်းက ချန်ပီယံဆုရရှိထားခြင်း ဖြစ်ပြီး လက်ကျန်ပွဲများတွင် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီး ၂၂ ပွဲကစား ၂၁ ပွဲနိုင်၊ တစ်ပွဲသရေ၊ ရှုံးပွဲမရှိ၊ ရမှတ် ၆၄ မှတ်ဖြင့် ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲစဉ် (၂၂) တွင် FFU မင်းမဟော်အသင်းက TKA Star အသင်းကို  သုံးဂိုး-နှစ်ဂိုး၊  Avengers Junior  အသင်းက  Jullniss အသင်းကို  ခြောက်ဂိုး-နှစ်ဂိုး၊ Golden Boys အသင်းက  မလိခအသင်းကို သုံးဂိုး-နှစ်ဂိုး၊    Pacific Sun Far   အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို ခုနစ်ဂိုးပြတ်၊ Kyaung Sayar Thar Htwe အသင်းက Victoria အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး King Cobra အသင်းနှင့် SGF အသင်း ဂိုးမရှိ သရေကျခဲ့သည်။ ပြိုင်ပွဲအပြီးတွင်  Kyaung Sayar Thar Htwe အသင်းက ရမှတ် ၆၄ မှတ်ဖြင့် ချန်ပီယံဆု၊  Pacific Sun Far အသင်းက ၅၄ မှတ်ဖြင့် ဒုတိယ၊ Golden Boys အသင်းက ၄၅ မှတ်ဖြင့် တတိယရရှိပြီး ယင်းသုံးသင်းနောက်တွင်  Victoria အသင်းက ၃၇ မှတ်၊ SGF အသင်း နှင့် King Cobra အသင်းက ၃၆ မှတ်စီ၊  Avengers Junior အသင်းက၂၉ မှတ်၊  Jullniss အသင်းက ၂၅ မှတ်၊ မလိခအသင်းက ရမှတ် ၂၀၊ FFU မင်းမဟော်အသင်းက ၁၅ မှတ်၊ ရွှေပြည်သာယူနိုက်တက်အသင်းက ကိုးမှတ်၊ TKA Star အသင်းက ခုနစ်မှတ်ရရှိသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ အသန့်ရှင်းဆုံးအသင်းဆုရ မလိခအသင်းက ဆုဖလားနှင့် ဆုကြေးကျပ်သုံးသိန်း၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဂိုးသမားဆုရ ပြည့်ဘုန်းဟိန်း(Golden Boys အသင်း)၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုရ ဇင်ကိုကို ( Kyaung Sayar Thar Htwe အသင်း)တို့က ဆုတံဆိပ်နှင့် ဆုကြေးကျပ်ငါးသိန်းစီ၊ စတုတ္ထဆုရရှိသော Victoria အသင်းက ဆုကြေးကျပ် ၁ဝ သိန်း၊ တတိယဆုရရှိသော Golden Boys အသင်းက တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေး ကျပ် ၁၅ သိန်း၊ ဒုတိယဆုရရှိသော Pacific Sun Far အသင်းက တစ်ဦး ချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ်သိန်း ၃၀၊ ပထမဆုရရှိသည့်  Kyaung Sayar Thar Htwe အသင်းက  တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးကျပ်သိန်း ၅၀ နှင့် ချန်ပီယံဆုဖလားရရှိသည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - MFF