၇ နိုဝင်ဘာ
ဂျော်ဒန်နိုင်ငံရှိ နာမည်ကြီး အပန်းဖြေစခန်း တစ်ခုတွင် ရန်လိုသူ တစ်ဦးက ဓားဖြင့် ထိုးခဲ့သဖြင့် နိုင်ငံခြားဧည့်သည်များ အပါအဝင် လူရှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
မြို့တော်အမ်မန်၏ မြောက်ဘက် ၅၀ ကီလိုမီတာခန့်အကွာ ရှေးခေတ်ရောမ အပြိုအပျက်များရှိရာ နေရာဖြစ်သည့် ဂျရတ်စ်တွင် ယမန်နေ့က ဓားထိုးမှုဖြစ်ပွားခဲ့သည်။
အဆိုပါ ဓားထိုးခံရမှုကြောင့် မက္ကဆီကိုနိုင်ငံသား သုံးဦး၊ ဆွစ်ဇာလန်နိုင်ငံသား တစ်ဦး နှင့်အတူ ဧည့်လမ်းညွှန် တစ်ဦးနှင့် အခြားသုံးဦးတို့ အသက်အန္တရာယ် မစိုးရိမ်ရသော ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဂျော်ဒန်အစိုးရ တာဝန်ရှိသူများက ဆိုသည်။
၎င်းဓားထိုးသူကို ထိုနေရာမှာပင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၎င်း၏ အကြောင်းရင်းနှင့် နောက်ကြောင်း ရာဇဝင်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


