ဝါရှင်တန်  ၁၉  အောက်တိုဘာ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန် တွင် နှစ်ရက်ကြာကျင်းပသော ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများ၏ ဘဏ္ဍာရေးဝန် ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲ များ အစည်းအဝေးအောင်မြင်စွာ ပြီးဆုံးခဲ့သော်လည်း ကမ္ဘာ့စီးပွားရေး အကျဘက် ဦးတည်နေသည်ကို မည်သို့ မည်ပုံဖြေရှင်းသွားမည်နည်းဆိုသည့် တိကျရေရာသော ဆုံးဖြတ်ချက်မျိုး မထွက်လာခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် အောက်တိုဘာ ၁၉ ရက်က ဖော်ပြခဲ့ သည်။

ကမ္ဘာ့စီးပွားရေးအကျဘက် ဦးတည်ရခြင်း အကြောင်းရင်းများစွာထဲတွင် အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေး ပဋိပက္ခလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးစဉ် အဖွဲ့ ဝင်နိုင်ငံများမှ ကဏ္ဍအလိုက်သက် ဆိုင်ရာအကြီးအကဲများသည် ကမ္ဘာ့ စီးပွားရေးနောက်ထပ် ဆက်လက်ကျဆင်းမည့် အရေးကို စိုးရိမ်ပူပန်နေကြကြောင်း ဖော်ပြခဲ့သည်။ ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းသည် အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှု ဆက်လက်ဖြစ်ပွားလျက် ရှိသောကြောင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုများ ကျဆင်းလာကာ အကျဘက်သို့ ဦးတည်ခဲ့သည်။

ယခုပြုလုပ်သည့် အစည်းအဝေး ၏ဥက္ကဋ္ဌ ဂျပန်ဘဏ္ဍာရေးဝန်ကြီး တာရိုအေဆိုက ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်ညီအောင် ထိန်းညှိလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိုင်တီ ကုမ္ပဏီကြီးများက နောက်နှစ်တွင် စတင်ဖြန့်ချိရန် စီစဉ်ထားသည့် ဖေ့ဘွတ်၏ လိုင်ဘရာ ကဲ့သို့သော ဒစ်ဂျစ်တယ်သုံး ငွေကြေး လဲလှယ်ခြင်းနှင့် ပိုင်ဆိုင်မှုပြောင်းလဲခြင်းကိုလည်း ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ အတည်မပြုခင် အထိ လိုင်ဘရာကို အသုံးမပြုရန် ခေါင်းဆောင်များက သဘောတူခဲ့ကြ သည်။ သို့မဟုတ်ပါက မသမာမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ