ဂါဇာစီးတီး ဩဂုတ် ၁၇
ဂါဇာကမ်းမြောင်ဒေသ ပါလက်စတိုင်းပိုင်နက် နယ်မြေအတွင်း အစာရေစာပြတ်လပ်မှုကြောင့် ကလေးငယ် ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။
အငတ်ဘေးနှင့် အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးသူပေါင်း ၂၅၁ ဦးရှိပြီး ယင်းတို့အနက် ကလေးငယ် ၁၀၈ ဦး ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ဂါဇာအလယ်ပိုင်း ဒါအယ်လ် ဘာလာရှ်မြို့ရှိ ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂအေဂျင်စီမှ ဦးစီးဖွင့်လှစ်သည့် ဆေးခန်း၌ ဆရာဝန်များနှင့် သူနာပြုများက ကလေးများအား အာဟာရချို့တဲ့ခြင်းရှိမရှိ စစ်ဆေးနေကြကြောင်း အင်န်အိတ်ချ်ကေ သတင်းအေဂျင်စီ၏ ဂါဇာကမ်း မြောင်ရုံးမှ သတင်းထောက်တစ်ဦး က ပြောကြားသည်။
အာဟာရချို့တဲ့သည့် ကလေးငယ်များအား အာဟာရဖြည့်စွက်စာများ ကျွေးမွေးလျက်ရှိသည်။
သို့သော်လည်း အစ္စရေး၏ အစားအစာပို့ဆောင်မှုအပေါ် ကန့်သတ်ချက်များကြောင့် ငတ်မွတ်နေသော ကလေးငယ်များကို ကုသရန် ရိက္ခာမလုံလောက်ကြောင်း ကျန်းမာရေး ဝန်ထမ်းများက ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်တစ်ဝန်း၌ ပြင်းထန်သောအာဟာရချို့တဲ့သည့် အသက် ၅ နှစ်အောက် ကလေးငယ်များ၏ ပမာဏသည် မတ်လတွင် ၅ ရာခိုင်နှုန်းအထိ ရှိခဲ့သော်လည်း ဇူလိုင်လကုန်တွင် ၁၃ ရာခိုင်နှုန်းအထိ မြင့်တက် လာခဲ့ကြောင်း ကုလသမဂ္ဂအေဂျင်စီက ပြောသည်။
ကလေးသူငယ်များ၏ အခြေအနေတိုးတက်ကောင်းမွန်လာစေရန် အပစ်အခတ်ရပ်စဲရေးအမြန်ဆုံးရရှိရန် မျှော်လင့်ကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောကြားသည်။
အပစ်အခတ်ရပ်စဲရေးမရရှိဘဲ ဂါဇာသို့ ထောက်ပံ့ရေးပစ္စည်း အမြောက်အမြားယူဆောင်၍ မရနိုင်ကြောင်း ပါလက်စတိုင်း ဒုက္ခသည်များအတွက် ကုလသမဂ္ဂအေဂျင်စီမှ ကျန်းမာရေးညွှန်ကြားရေးမှူး ဆီတာအာကီ ဟီရိုက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


