ဩဂုတ် ၁၄

အစ္စရေးက ဟားမတ်စ်အဖွဲ့အပေါ် ဖိအားပေးမှဒများအရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ အစ္စရေးကာကွယ်ရေး တပ်ဖွဲ့က ဂါဇာမြို့ ကိုထိန်းချုပ်ရေး စစ်ဆင်ရေးအစီအစဉ်နှင့်ပတ်သက်သည့် အဓိကမူဘောင်ကို အတည်ပြု ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

အစ္စရေးတပ်ဖွဲ့စစ်ဦးစီးချုပ်က စစ်ဘက်ဆိုင်ရာအဆင့်မြင့်အရာရှိများနှင့် လုံခြုံရေးအရာရှိများ ဆွေးနွေးစဉ်အတွင်း ထိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ လာမည့်စစ်ဆင်ရေးများမတိုင်မီ အရန်တပ်သားသစ်စုဆောင်းခြင်းအတွက် တပ်ဖွဲ့ဝင်များ အဆင်သင့်ဖြစ်ရေးနှင့် ကြိုတင်ပြင်ဆင်မှုတိုးမြှင့်ရေးတို့ အရေးကြီးကြောင်း ၎င်းကအလေးထားပြောသည်။

ဂါဇာမြို့ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပြီးနောက် အစ္စရေးတပ်ဖွဲ့က အောက်တိုဘာ ၇ ရက်တွင် သိမ်းပိုက်မှုစတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များ၏ပြောကြားချက်ကိုကိုးကားပြီး အစ္စရေးမီဒီယာတစ်ခုက ဖော်ပြသည်။

တချိန်တည်းမှာပင် ဟားမတ်စ်အဖွဲ့က အီဂျစ်အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိများနှင့်အတူ တွေ့ဆုံဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့ကိုစေလွှတ်လိုက်သည်ဟု ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းဆွေးနွေးပွဲများသည် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုများပြန်လည်စတင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အာရပ်မီဒီယာတစ်ခုက ပြောကြားသည်။ ထိုညှိနှိုင်းမှုများသည် လွန်ခဲ့သည့်လကုန်ပိုင်းကတည်းက ရပ်တန့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို