နေပြည်တော်  ၂၃  စက်တင်ဘာ 


သစ်တောဉီးစီးဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ်ဖြင့် သတင်းပေးပို့ချက်အရ တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ဆောင်ရွက်လျက်ခဲ့သည်။

 

သို့ရာတွင် ပူးပေါင်းအဖွဲ့သည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် လှိုင်ဝစစ်ဆေး ရေးဂိတ်၌ မော်တော်ယာဉ်အမှတ် (BGO-1M/−−−−) NISSAN (၆)ဘီး ယာဉ်ပေါ်မှ ပိတောက်ခွဲသား အရွယ်အစားစုံ ၅ ဒသမ ၂၉၀၆ တန်နှင့်အတူ ပြစ်မှုကျူးလွန်သူ ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့အား ဥပဒေနှင့်အညီအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်း မွေးလွန်းချောင်းဝန်းကျင် တောတွင်းနေရာများမှ ကညင်၊ ကညောင်း၊ တောင်ပိန္နဲ၊ တောင်သရက် သစ်လုံး/ခွဲသား စုစုပေါင်း ၁၂၂ ဒသမ ၄၈၉၄ တန်၊ လိပ်ပုတ်ချောင်းနှင့် ငထွေးချောင်းဝန်းကျင် တောတွင်းနေရာများမှ ကညင်၊ ကညောင်း၊ တောင်သရက်၊ မကျည်းပွေး ခွဲသား စုစုပေါင်း ၄၆ ဒသမ ၉၃၆၈ တန်နှင့် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မိုးမောက်-လွယ်းဂျယ် ကားလမ်းတစ်လျှောက် နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ စိန်လုံကျေးရွာအရှေ့ဘက် မိုင်တိုင်အမှတ်(၂၂)၊(၂၃)နှင့် အနီးဝန်းကျင်နေရာတို့မှ သစ်တင် ယာဉ် ၃ စီးနှင့် ကျွန်းနှင့်ပိတောက်ခွဲသား အရွယ်အစားစုံ စုစုပေါင်း ၆ ဒသမ ၅၅၈၀ တန်တို့ကို သိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် စီကော်ကျေးရွာအရှေ့မြောက်ဘက် နမ့်မဲကြိုးဝိုင်း အကွက်အမှတ်(၆၀)အတွင်းမှ ကညင်သစ်လုံး ၄၈ ဒသမ ၇၈၈၀ တန်ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး သစ်များအား လုံခြုံရာသို့သယ်ယူနိုင်ရေးနှင့် ပြစ်မှုကျူးလွန် သူများကို စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

မောင်လူမော်