၉ အောက်တိုဘာ

 

 

ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတို့မှ သံတမန်များသည် မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား ဖျက်သိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက် လုပ်ဆောင်မှု အရေးကြီးကြောင်း ထပ်လောင်း အတည်ပြုကာ ဝါရှင်တန်တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

 

 

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ တောင်ကိုရီးယား နိုင်ငံ၏ အထူးကိုယ်စားလှယ် လီဒိုဟွန်၊ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတီဖင် ဘီဂန်နှင့် အာရှနှင့် သမုဒ္ဒရာဆိုင်ရာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ရှီဂီကီ တာကီဇာကီ တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

 

 

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး၊ ခိုင်မြဲရေးနှင့် နျူကလီးယား လက်နက်ဖျက်သိမ်းရေး တို့အတွက် ၎င်းသုံးနိုင်ငံ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။

 

 

စတော့ဟုမ်း ဆွေးနွေးပွဲပြီးနောက် ရက်သတ္တပတ် နှစ်ပတ် အကြာတွင် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ရည်ရွယ်ထားကြောင်း  အမေရိကန်က ထုတ်ဖော်ပြောကြားခဲ့သော်လည်း အမေရိကန်တို့၏ ပြုမူပုံအပေါ် မူတည်ကာ ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင် ဖြစ်၊ မဖြစ် ဆုံးဖြတ်မည်ဟု မြောက်ကိုရီးယားက ဆိုသည်။

 

 

နျူကလီးယား ဖျက်သိမ်းရေး အတုံ့အလှယ် အနေဖြင့် ပိတ်ဆို့အရေးယူမှုများ လျှော့ချခြင်းနှင့် ၎င်းတို့၏ နိုင်ငံရေးစနစ်ကို ကာကွယ်စောင့်ရှောက်ရန် အာမခံချက်များ လိုလားသည်ဟု  မြောက်ကိုရီးယားက ဆိုသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

 

1