စစ်တွေ  ၁၀  မတ်

ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံသည် ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူမြို့ ငလပွေ့ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ကစ္ဆပနဒီ-၃ အမြန်ရေယာဉ် အားသွားရောက် ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် အမြန်ရေယာဉ်ပေါ်တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများကို တွေ့ဆုံပြီး ပြည်နယ်အစိုးရအဖွဲ့မှ အမြန်ရေယာဉ်အား လွှဲပြောင်းလက်ခံနိုင်ရေး ဆွေးနွေးကြသည်။

 

mdn

 

ကစ္ဆပနဒီ-၃ အမြန်ရေယာဉ်သည် ခရီးသည် ၁၅၀ မှ ၁၆၀ ထိ တင်ဆောင်နိုင်ပြီး တစ်နာရီ ရေမိုင် ၂၀ ခုတ်မောင်းနိုင်ကာ ကမ်းရိုးတန်း သင်္ဘော Coastal အမျိုးအစားဖြစ်သည်။ စစ်တွေ-ကျောက်ဖြူမြို့ ခရီးစဉ်အား ၃ နာရီခန့်သာ မောင်းနှင်ရမည်ဖြစ်ပြီး အဆိုပါ သင်္ဘောကို အလူမီနီယံဖြင့် တည်ဆောက်ထားခြင်းဖြစ်ကာ အလျား ၃၄ ဒသမ ၇၁ မီတာ၊ အနံ ၆ မီတာ၊ စောက် ၂ ဒသမ ၇ မီတာနှင့် ရေစူး ၁ ဒသမ ၂၆ မီတာရှိကြောင်း သိရသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးသည် ဆည်မြောင်နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျောက်ဖြူမြို့နယ် ငလပွေ့တာ၊ တာမိုင် ဝ/၁မှ တာမိုင်၃/၂ အတွင်းတာပုံစံကျ ပြုပြင်ခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို မှာကြားသည်။ 

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးသည် ကျောက်ဖြူမြို့ အစိုးရအဖွဲ့ဧည့်ရိပ်သာ၌ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး လုပ်ငန်းလိုအပ်ချက်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

 

mdn