အောက်တိုဘာ ၃၁

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဆာဂါမြို့တွင် နှစ်စဉ်ကျင်းပမြဲ မိုးပျံပူဖောင်းပွဲတော်ကို ယမန်နေ့က စတင်ကျင်းပပြုလုပ်ခဲ့သည်။

ဆာဂါ နိုင်ငံတကာမိုးပျံပူဖောင်းပွဲတော်သည် အာရှ၏ အကြီးဆုံး မိုးပျံပူဖောင်းပွဲတော်များအနက် တစ်ခုဖြစ်သည်။ ၎င်းကို ကာဆေးမြစ်ကမ်းတစ်လျှောက်တွင် ကျင်းပသည်။ ယခုနှစ်တွင် အမေရိကန်၊ ဗြိတိန်နှင့် ဆွစ်ဇာလန်နိုင်ငံ အပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၂၀ မှ မိုးပျံပူဖောင်းလွှတ်တင်သည့်အဖွဲ့ပေါင်း ၁၂၀ ခန့်သည် ထိုပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါပွဲတော်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သော ရောင်စုံမိုးပျံပူဖောင်း ခုနစ်ဆယ်သည် ပထမနေ့ နံနက်အစောပိုင်းတွင် ကြည်လင်သော ဆောင်းဦးရာသီ ကောင်းကင်သို့ ပျံတက်သွားသည်ဟု သိရသည်။

မိုးပျံပူဖောင်းများကို ဓာတ်ပုံရိုက်ယူရန် မြစ်ကမ်းဘေးတွင် လူအုပ်ကြီး စုဝေးခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်က ရာသီဥတုဆိုးရွားမှုကြောင့် ပြိုင်ပွဲအများစုဖျက်သိမ်းခဲ့ရကြောင်း ဖော်ပြထားသည်။

ကူမာမိုတိုနှင့် ကျိုတိုခရိုင်များမှ အမျိုးသမီးအဖွဲ့တစ်ဖွဲ့က မိုးရွာသွန်းမှုကြောင့် ပြီးခဲ့သည့်နှစ်က မိုးပျံပူဖောင်းများကို မမြင်ရသောကြောင့် ယခုနှစ်တွင် မိုးပျံပူဖောင်းများကို မြင်တွေ့ခွင့်ရသည့်အတွက် ဝမ်းသာကြောင်း ပြောကြားသည်။

ထိုပွဲတော်ကို နိုဝင်ဘာ ၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို