ပင်လယ်သမုဒ္ဒရာတွင် စွန့်ပစ်ပလပ်စတစ်ကြောင့် ဖြစ်ပေါ်နေသည့် ပြဿနာများကို သုတေသနပြုလုပ်ရန် ဂျပန်နှင့် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များမှ ပညာရှင်များအနေနှင့် ပူးတွဲစီမံကိန်းတစ်ရပ်ကို စီစဉ်လျက်ရှိသည်။
ကမ္ဘာ့သမုဒ္ဒရာများမှ စွန့်ပစ်ပလပ်စတစ်များ၏ ၃၀ ရာခိုင်နှုန်းခန့်မှာ အရှေ့တောင်အာရှမှ ရောက်ရှိလာသည်ဟု ယုံကြည်ထားကြသည်။ အဆိုပါသုတေသီများအနေနှင့် ငါးနှစ်စီမံကိန်းအတွက် ၎င်းတို့၏ အခြေစိုက်အဖြစ် အသုံးပြုမည့် ထိုင်းနိုင်ငံအရှေိ့ပိုင်းရှိ ကျွန်းတစ်ကျွန်းသို့ ယနေ့နံနက်ပိုင်းက သွားရောက်ခဲ့သည်ဟု သိရသည်။
သမုဒ္ဒရာထဲရှိ ပလပ်စတစ်ပမာဏနှင့် ယင်းပလပ်စတစ်များအား သမုဒ္ဒရာထဲသို့ မည်ကဲ့သို့ စွန့်ထုတ်သည်ကို သိရှိနိုင်ရန် ဒရုန်းများကို အသုံးပြုသွားမည်ဟု သိရသည်။ သုတေသီများအနေနှင့် ပလပ်စတစ်များ၏ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုကို လေ့လာခြင်း၊ အနာဂတ်တွင် ကြုံတွေ့လာမည့် ညစ်ညမ်းမှု အခြေအနေကို ကြိုတင်ခန့်မှန်းခြင်းနှင့် လုပ်ဆောင်မည့်စီမံကိန်းအတွက် အချက်အလက်စုဆောင်းခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့ပြင် ပလပ်စတစ်ညစ်ညမ်းမှုအား မည်ကဲ့သို့ လျှော့ချရမည်ကိုလည်း ၎င်းတို့အနေနှင့် ထိုင်းအစိုးရအား အကြံဉာဏ်ပေးမည်ဖြစ်သည်။
ဂျပန်သုတေသီများကို ဉီးဆောင်သော ကျူရှူးတက္ကသိုလ်မှ ပါမောက္ခက ဂျပန်နိုင်ငံသည် ယခုကဲ့သို့ သုတေသနမျိုးတွင် ကမ္ဘာ့ခေါင်းဆောင်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုင်းပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်စဉ်တွင် အခြေစိုက်နေရာကိုလည်း ဖွံ့ဖြိုးစေချင်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာပေါ်တွင် သမုဒ္ဒရာညစ်ညမ်းမှုနှင့် ပတ်သက်လျှင် တရုတ်နိုင်ငံသည် အဆိုးရွားဆုံးဖြစ်ပြီး ဒုတိယအဆိုးရွားဆုံးမှာ အရှေ့တောင်အာရှ ဖြစ်သည့် အတွက် ဤဒေသတွင် ယင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ကိစ္စရပ်များ အရေးပေါ်လိုအပ်နေကြောင်း ပြောကြားခဲ့သည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်


