ဟောင်ကောင် ၁၀  အောက်တိုဘာ

ဟောင်ကောင်ဒီမိုကရေစီ ဆန္ဒပြပွဲများကို ကိုင်တွယ်ဖြေရှင်းသည့်နေရာတွင် တရုတ်နိုင်ငံ၏  အကူအညီကို ပယ်ချမထားကြောင်းနှင့် ပြဿနာရပ်များကိုဖြေရှင်းနိုင်ရန် မိမိဘာသာလုပ်ဆောင်နိုင်မည်ဟုလည်း မျှော်လင့်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလန်က ပြောကြားလိုက်သည်။

ယခုဖြစ်ပွားနေသည့် ဟောင်ကောင် ဆန္ဒပြမှုကို မိမိဘာသာကိုင်တွယ်ရန် တရုတ်အစိုးရက လိုလားသော်လည်း အခြေအနေအလွန်ဆိုးရွားလာပါက ရွေးချယ်စရာမရှိသည့် အနေအထားသို့ ရောက်ရှိလာနိုင်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်သည်။

ဆန္ဒပြပွဲများ ပိုမိုအရှိန်မြင့်တက်လာသည့် ဟောင်ကောင်တွင် ဆန္ဒပြသူများ မျက်နှာဖုံးတပ်ဆန္ဒပြခြင်းကို လွန်ခဲ့သည့် ရက်သတ္တပတ်က တားမြစ်မိန့်ထုတ်ပြန်ခဲ့သလို အချိန်အခါနှင့် အခြေအနေပေါ်မူတည်ပြီး နောက်ထပ်စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်သွားရမည့်အပေါ် သုံးသပ်နေကြောင်း အုပ်ချုပ်ရေးမှူး လန်က ပြောသည်။

မျက်နှာဖုံးတပ်ဆန္ဒပြသူ ဖမ်းဆီးရမိသည့် အရေအတွက်သည် ယခုအခါတွင် ၇၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဟောင်ကောင်ရဲဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

ယခုလို တားမြစ်မိန့်ထုတ်ပြန်လိုက်သည့်အတွက် ဆန္ဒပြသူများ ပိုမိုမကျေမနပ်ဖြစ်ခဲ့ပြီး သောင်းနှင့်ချီ၍ လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အေအက်ဖ်ပီ